(၇) လကျော်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာသန်း ၃၀၀၀ ကျော်ရှိ

0
242

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာ (၃) ရက်အထိ (၇) လကျော် ကာလအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၃၀၃၄.၇၀၉) ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုဝင်ငွေတွင် မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ပို့ကုန်မှ အမေရိကန်ဒေါ်လာ (၂၀၉၉.၃၁၅) သန်း ရရှိထားပြီး ထိုင်းနိုင်ငံမှ ပြန်လည်တင်သွင်းသည့် သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ၉၃၅.၃၉၄ သန်း အသုံးပြုထားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၁၆၀.၂၆၇) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၂၅) သန်းပမာဏခန့် လျော့ကျသွားသည်ကို စီးပွားကူးသန်း၏ စာရင်းများတွင် တွေ့ရှိရသည်။

မြန်မာ – ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု အနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နေရပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ချင်းခြောက် ၊ ငရုတ်၊ ပြောင်းမှုန့်၊ ဆန့်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ နနွင်း၊ နှမ်း၊ သခွားစေ့၊ ပီလောပီနံမှုန့်၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ မြေပဲ၊ Black Sesame Seed ၊ ပီလောပီနံခြောက် အစရှိသည်များကိုလည်း တင်ပို့လျက်ရှိသည်။

ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ငါးကွမ်းရှပ်၊ငါးမြွေထိုး၊ ငါးပြေမ၊ ပုစွန်၊ ငါးပိ စသည်တို့ တင်ပို့နေပြီး CMP တင်ပို့မှုအနေဖြင့် အမျိုးသားဝတ် ဂျာကင်အရှည်၊ ဘောင်းဘီတို၊ Jumbo Bag၊ အမျိုးသမီးဝတ် ဘောင်းဘီ၊ Inductor ၊ Line Filter တို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဖိနပ်များ၊ အသင့်ချုပ်ပြီး အထည်များ၊ သစ်သီး၊ အိမ်သုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များ၊ တိရစ္ဆာန်ဆေးဝါးများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ကားအပိုပစ္စည်း၊ သုတ်ဆေး၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here