နိုင်ငံအတွင်း ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများ တရားမဝင်သုံးစွဲနေသဖြင့် လိုင်စင်ရယူရန် လိုအပ်ဟု ပို့/ဆက်ဝန်ကြီးဌာန အသိပေး

0
294

မြန်မာနိုင်ငံအတွင်း၌ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများကို တရားမဝင် ရယူသုံးစွဲလျက်ရှိပြီး လိုင်စင်ရယူရန်လိုအပ်ကြောင်း သတင်းအချက်အလက်များအရ တွေ့ရှိနေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၅)နှင့် လှိုင်းနှုန်းစဥ်ဆိုင်ရာဥပဒေ ၅၂(ဂ) တို့တွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လုပ်ကိုင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုလ်တုအော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၃ နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၃(က)တို့အရလည်း ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန် လိုအပ်ကြောင်း သိရသည်။

ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-ဂြိုလ်တုဖုန်း၊ ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ကိရိယာမြား၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-MF, HF, VHF, UHF လှိုင်းနှုန်းသုံး ဆက်သွယ်ရေးပစ္စည်းများ) တို့အတွက် လိုင်စင်ရယူကြရန် ဝန်ကြီးဌာနက အသိပေးထားသည်။

ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းများနှင့် တရားမဝင် ဂြိုလ်တုဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန်လည်း တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်မြားကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြဌာန်းထားပြီးသော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုခြင်း၊ တင်သွင်းရောင်းချခြင်းတို့ကို စနစ်တကျဖြစ်စေရန်အတွက် လုပ်ထုံး လုပ်နည်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here