ရန်ကုန်တွင် ပေါ်တာဆွဲ‌နေသည်ဆိုခြင်းမှာ ကောလာဟလ သတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူပြော

0
218

ရန်ကုန်မြို့တွင် ပေါ်တာဆွဲနေသည်ဆိုဟု ယခုရက်ပိုင်းအတွင်း သတင်းထွက်ပေါ်နေသော်လည်း အဆိုပါသတင်းများမှာ ကောလာဟလ မဟုတ်မမှန် သတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။

လူမှုကွန်ရက် စာမျက်နှာများပေါ်၌ လူပျောက်ကြော်ငြာများခပ်စိတ်စိတ် ပျံ့နှံ့လာမှုကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟုဆိုကာ မြို့နယ်အချို့တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာ ယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြကြောင်း စသည့် ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံထိတ်လန့်စေရန် ဆောင်ရွက်လာသည်ဟု နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ပေါ်တာဆွဲသည်ဆိုသည့် သတင်းများမှာ မဟုတ်မမှန်ကြောင်းနှင့် ကောလာဟလ သတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ထို့အပြင် နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မှ ပေါ်တာဆွဲခြင်း မရှိကြောင်းနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပြီး စစ်မှုထမ်းဟောင်းများ၊ရဲအမှုထမ်းဟောင်းများကိုလည်း ဆင့်ခေါ်ထားခြင်းမရှိသည့်အပြင် တစ်နိုင်ငံလုံး မည်သည်နေရာမှ ပေါ်တာဆွဲခြင်း၊ တပ်သားစုဆောင်းခြင်းများ မရှိကြောင်း နိုင်ငံပိုင် သတင်းဌာနတွင် ပြောဆိုထားသည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူများအကြား ကြောက်ရွံထိတ်လန့်စေရန်ရည်ရွယ်၍ ကောလဟလသတင်းအမှားများရေးသား ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here