ဘဲစာကုန်ကြမ်းဈေးမြင့်တက်လာ၍ ဘဲမွေးမြူရေးလုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရဟု ဆို

0
216

ဘဲစာကုန်ကြမ်းဈေး အဆမတန်မြင့်တက်လာခြင်းကြောင့် ဘဲမွေးမြူရေးလုပ်ငန်းရှင်များ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း မအူပင်မြို့နယ် ဘဲမွေးမြူးရးလုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်စွာက ပေါ်ပြူလာနယူးစ် ကို ပြောသည်။

ဘဲစာကုန်ကြမ်းဈေးသည် ယခင်က တစ်အိတ်လျှင် ကျပ်သုံးသောင်းကျော်ဝယ်ယူနေရာမှ ယခု ကျပ်ခြောက်သောင်းကျော်အထိ ဈေးမြင့်တက်လာကြောင်း ဆိုသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေးကြောင့် ဘဲဥတင်ပို့မှု အခက်အခဲရှိနေသည့်အတွက် ဒိုင်များတွင် ဘဲဥများပုံ‌နေပြီး ဈေးနှုန်းထိုးကျမှုလည်း ကြုံတွေ့နေရကြောင်း သိရသည်။

” လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဘဲဥဈေးတွေထိုးကျတယ်။ ကုန်ကြမ်းဈေးကလည်း မြင့်တက်လာတော့ အချို့မိတ်မရှိသေးတဲ့ ဒိုင်တွေဆိုရင် ဒိုင်မှာတင် ကုန်တွေပုံနေတာ တွေရှိတယ်။ နှစ်လလောက်ရှိပြီ။အချို့ဒိုင်တွေဆို နားတောင်နားလိုက်ပြီ။”ဟု ရှင်းပြသည်။

လက်ရှိတွင် ဘဲဥတစ်လုံးလျှင် ဒိုင်လက်ကား‌ ဈေးနှုန်းအမြင့်ဆုံး ကီလိုတန်းကျပ် (၂၂၀)မှ ကျပ်(၂၃၀) အထိ ကျဆင်းနေသည့်အတွက် ဘဲစာကုန်ကြမ်းဈေးဖြင့် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေခြင်းဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်းက ဘဲဥလက်ကားဈေးအနေဖြင့် အမြင့်ဆုံး ကီလိုတန်း ကျပ် (၃၂၀)မှ ကျပ် (၃၃၀) ကြား၊ အနိမ့်ဆုံးကီလိုတန်း ကျပ် (၂၂၀)မှ ကျပ် (၂၁၀) ဝန်းကျင်ရရှိခဲ့သေးကြောင်း ဆိုသည်။

” ကီလိုတန်းတစ်ခုစီကို ကျပ် တစ်ရာလောက်ကျနေတယ်။ အစာကုန်ကြမ်းအတွက်ရော သယ်ယူပို့ဆောင်ရေးအတွက်ပါ အခုလိုအခက်အခဲတွေကြုံနေရရင်တော့ အရှုံးက ပြနေဦးမယ်။ သတ္တဝါတွေဆိုတော့လည်း အစာမကျွေးဘဲထားလို့မရတာကြောင့် ဖြစ်သလိုဘဲ မှိန်းပြီး လုပ်နိုင်သလောက် လုပ်နေရတာပေါ့”ဟု ဆိုသည်။

ထို့ကြောင့် ယခင် နှစ်ကာလကြာရှည်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အနည်းငယ်သာ ဆက်လက် ရပ်တည်လျက်ရှိပြီး၊ လုပ်ငန်းစလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းရပ်နားသည့် အခြေအနေမျိုးများရှိနေကြောင်း သိရသည်။

ဘဲမွေးမြူရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်သောဒေသများသည် ဧရာဝတီတိုင်း ဖျာပုံ၊ မအူပင် နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းတွင် သနပ်ပင် ၊ ကမာစဲ၊ ခရမ်း၊ သုံးခွမြို့များတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here