မိုင်းလားအထူးဒေသ(၄)မှတဆင့် တရုတ်သို့ ဖရဲ၊ သခွားမွှေးတင်ပို့စရိတ် ကြီးမြင့်နေသဖြင့် ကုန်သည်အချို့ ရပ်နား

0
204

မိုင်းလားအထူးဒေသ(၄)မှတဆင့် တရုတ်သို့ ပြည်တွင်း ဖရဲ၊ သခွားမွှေးတင်ပို့စရိတ် ကြီးမြင့်နေသဖြင့် ကုန်သည်အချို့ရပ်နားထားကြောင်း ယင်းဒေသအတွင်းရှိ ဖရဲကုန်သည် တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ယနေ့တွင် ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တိုက်ပွဲများကြောင့် ဖရဲ၊ သခွားမွှေးတင်ပို့သည့်ကုန်သည်များအနေဖြင့် မန္တလေး-ကျိုင်းတုံ-မိုင်းလားခရီးကို အသုံးပြု၍ တင်ပို့နေကြကြောင်း သိရသည်။

လက်ရှိ ဖရဲ၊ သခွားမွှေးကုန်သည်များ ပေးဆောင်ရသည့်အခွန်အခမှာ (၁၂)ဘီး ကားတစ်စီး ကျပ်သိန်း(၇၀) ၊ ကျိုင်းတုံပို့ကုန်ဂျူတီဆောင်ခအပါအဝင် ပိုးမွှားကင်းစင်ကြောင်းနှင့် Form -E အချက် အလက်အတွက် စုစုပေါင်း ကျပ်(၉)သိန်းကျသင့်သည်ဟု ဆိုသည်။

ထို့အပြင် မိုင်းလားအထူးဒေသ(၄) ကုန်သွယ်ရေးဇုန်ရောက်လျှင် ကုန်သွယ်ရေး သတ်မှတ်ချက်အရ (၁၂)ဘီးကားတစ်စီးလျှင် (၁၂)သိန်းကျပ်ပေးဆောင်ရကြောင်း သိရသည်။

အလားတူ တရုတ်ပြည်ဘက်အခြမ်း တာလော့ဂိတ်တွင် သွင်းကုန်ဂျူတီ၊ ကားဝင်ခွင့်လက်မှတ်ခ၊ အစားထိုးယာဉ်မောင်းခ၊ ရောင်းကွင်းအထွေထွေကြေးအပါအ၀င် ယာဉ်ရပ်နားခများအတွက် ကျပ် (၃၅) သိန်းခန့် ထပ်မံကုန်ကျလျက်ရှိသည်ဟုဆိုသည်။

” အဆင့်ဆင့် လုပ်ဆောင်ရတာတွေများလွန်းလို့တော်ရုံကုန်သည်တွေ ရပ်နားထားတယ်။ အချို့ကလည်း အေးဂျင့်တွေနဲ့ချိတ်လုပ်တာမျိုးရှိပါတယ်။ ဒါတွေက ပြည်တွင်းကနေ တင်ပို့နေရတဲ့ကုန်ကျ စရိတ်တွေပါ။ ဖရဲတစ်လုံးကို ပြည်တွင်းမှာတင်ဈေးတွေမြှောက်နေတယ်။ ဖရဲသီးဈေးကလည်း ပြည်တွင်းဈေးကွက်မှာငြိမ်နေတယ်။”ဟု ရှင်းပြသည်။

၎င်းကပင် ပြီးခဲ့သောနှစ်က ဖရဲ၊ သခွားမွှေးတင်ပို့ရောင်းချမှုအတွက် အမြတ်အစွန်းရှိခဲ့သော်လည်း ယခုနှစ် တင်ပို့မှုတွင် စရိတ်စက ကြီးမြင့်နေခြင်းကြောင့် ယမန်နှစ်က ရရှိထားသည့် အမြတ်အစွန်းနှင့် မကာမိကြောင်း ဆိုသည်။

မန္တလေး-မူဆယ် လမ်းကြောင်းတွင် တိုက်ပွားများဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်မှုလမ်းကြောင်း ပိတ်နေသဖြင့် မန္တလေး-ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းကို အသုံးပြုနေရခြင်းဖြစ်သည်။

ပုံစာ -တရုတ်ပြည်ဘက် အခြမ်းတွင် ဖရဲနှင့်သခွားမွှေး တင်ပို့ရောင်းချနေပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here