ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားဖူးဧည့်သည် ရာနှင့်ချီဝင်ရောက်လျှက်ရှိဟု ဆို

0
450

ယခုလ ဒီဇင်ဘာ ခရီးသွားကာလအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူးဧည့်သည် ရာနှင့်ချီဝင်ရောက်လျှက်ရှိနေကြောင်း အဆိုပါဒေသရှိ စားတော်ဆက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသည်။

လက်ရှိ ဝင်ရောက်နေသည့် ဘုရားဖူးဧည့်သည်အဝင်အထွက်ကို ကြည့်ခြင်းအားဖြင့် လာမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်အတွင်း ဘုရားဖူး ထောင်ချီဝင်ရောက်နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းကဆို ဘုရားဖူးက သောင်းချီရှိတယ်။ ဒီဘက်မှာ နယ်မြေအေးချမ်းပါတယ်။ အပတ်စဉ်ဝင်ရောက်မှုက ရာချီရှိနေတယ်။ တည်းခိုဖို့ဆိုရင် အားလုံးနီးပါးက ကြိုတင်မှာယူမှု ပြည့်လုနီးပါးကိုရှိနေတာ။” ဟု ဆိုသည်။

လက်ရှိတွင် ကျိုက်ထီးရိုးစေတီ သို့ အပတ်စဉ် တနင်္လာမှ သောကြာ(ကြားရက်) ကာလအတွင်း ဧည့်သည် (၅၀၀)နီးပါး၊ စနေ တနင်္ဂနွေ ရက်များတွင် ဧည့်သည် (၈၀၀)မှ (၁၀၀၀) ကျော်အထိရှိနေကြောင်း သိရသည်။

“အခု တန်ဆောင်တိုင်မီးထွန်းပွဲဆိုရင်တော့ ဧည့်သည် ထောင်ချီ သောင်းချီဝင်နိုင်တယ်။ ဆိုင်တွေအားလုံးကလည်း သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးရတယ်။ တောတွင်းစာ စားချင်တဲ့သူတွေအတွက်တော့ တစ်ထောင်နှစ်ထောင်လောက် ပိုများတာမျိုးဘဲရှိပါတယ်။”ဟု ရှင်းပြသည်။

ဘုရားဖူးဧည့်သည်များ တောင်‌တက် လမ်းအစဉ်ပြေစေရန် တောင်တက်မော်တော်ယာဉ်အသင်းများက ပြေးဆွဲပေးနေပြီး၊ ကေလ်ဘယ်ကား စီးလိုသူများအနေဖြင့် အပတ်စဉ် သောကြာ၊စနေနှင့် တနင်္ဂနွေ ဘုရားဖူးများသည့်ရက်၌ ပြေးဆွဲပေးလျက်ရှိသည်။

ဘုရားဖူး ဧည့်သည်များအတွက် တည်းခိုစရိတ်အခမဲ့ (စောင်၊ ခေါင်းအုံး၊ မွေ့ယာ)ပါ မနက်စာ၊ ညစာနှင့် နံနက်ခင်းအစာပြေ စားသောက်မှုအတွက် လူတစ်ဦးလျှင် ကျပ်တစ်သောင်းခွဲနှုန်းသတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here