ဒေါ်လာ ၁၂ သန်းကျော် ထည့်ဝင်ထားသည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဖော်ဆောင်မည့် နောက်ဆုံးအသုတ် စီမံကိန်းစတင်

0
110

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကို စတင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ခွင့်ရရှိထားသည့် စီမံကိန်းဆောင်ရွက်မှုအနေဖြင့် ဆဋ္ဌမအကြိမ်သို့ ရောက်ရှိလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူမှုနေမှုအဆင့်အတန်း မြင့်မားရေးကို ထိရောက်စွာ အထောက်အကူပြုစေနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိသော စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

ဝန်ကြီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့ စီမံကိန်း ၃၅ ခုကို စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂.၁၈ သန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိထားကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၁၇ ဖြင့် စီမံကိန်း ၅ ခု၊ ၂၀၁၈ ဖြင့် စီမံကိန်း ၉ ခု၊ ၂၀၂၀ ဖြင့် စီမံကိန်း ၆ ခု၊ ၂၀၂၁ ဖြင့် စီမံကိန်း ၄ ခု၊ ၂၀၂၂ ဖြင့် စီမံကိန်း ၇ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်း ၄ ခုတွင် မြန်မာ့လယ်ယာထုတ်ကုန်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ စပါးအပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ခွာနာလျှာနာရောဂါ ကင်းရှင်းရေးဇုန် ထူထောင်ခြင်း၊ ဒေသကြက်များကို မျိုးရိုးဗီဇမြှင့်တင်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here