လွိုင်ကော်တက္ကသိုလ်မှ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင် (၁၀၀) ကျော်ပြန်လွတ်လာ

0
241

လွိုင်ကော် တက္ကသိုလ်တွင် တပ်မတော်နှင့် KNPP ၊ KNDF ပူးပေါင်းအဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ထိန်းသိမ်းခံလိုက်ရသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအပါအဝင် စုစုပေါင်း (၁၀၀)ကျော် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

လွိုင်ကော် တက္ကသိုလ်မှ ပညာရေးဝန်ထမ်း (၇၀) ဦးနှင့် မိသားစုဝင် (၃၇) ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ကြားခံအဖွဲ့အစည်းထံမှ တဆင့် ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နှစ်ဘက်အဖွဲ့အစည်းများက ယနေ့ နိုဝင်ဘာ (၂၄) ရက်တွင် သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လလယ်ပိုင်းက လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် မြန်မာ့တပ်မတော်နှင့် KNPP ၊ KNDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်း/ကျောင်းသူများ စုစုပေါင်း (၂၀၀) ကျော် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား KNPP ၊ KNDF ပူးပေါင်းအဖွဲ့များက ခေါ်ဆောင်သွားပြီး လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ကာ သက်ဆိုင်ရာ ကြားခံအဖွဲ့အစည်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ ပြန်လည်လွတ်မြောက်လာသူ (၁၀၃) ဦးကို ပအိုးဝ်ပြည်သူ့စစ်အဖွဲ့ PNO မှတဆင့် လွှဲပြောင်းလက်ခံကာ တပ်မတော်တာဝန်ရှိသူများက တောင်ကြီးမြို့တွင် သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ထုတ်ပြန်သည့် သတင်းအချက်အလက်အရ ၎င်းတို့ခေါ်ဆောင်သွားသည့် ပညာရေးဝန်ထမ်းနှင့် မိသားစုဝင် (၂၀၀) ကျော်ကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ခံဝန်လက်မှတ်ရေးထိုးပြီးသည့် ပညာရေးဝန်ထမ်း (၇၀)ဦးနှင့် မိသားစုဝင် (၃၇) ဦးကို ပြန်လွှဲပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိနေသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားပြီးပါက နေရပ်ပြန်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း IEC က သတင်းထုတ်ပြန်သလို နစက သတင်းထုတ်ပြန်ရေး အဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ကျန်ရှိနေသေးသည့် အင်အား ၁၀၀ ခန့် ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယနေ့ နိုဝင်ဘာ (၂၄) ရက်တွင် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here