မြန်မာ့ပဋိပက္ခကြောင့် ကုန်သွယ်မှုအခက်ခဲဖြစ်နေသဖြင့် ဘင်္ဂလားဒေ့ရှ် သွင်းကုန်လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ

0
204

ရခိုင်ပြည်နယ်တွင်း AA နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တက္ကနတ်ဆိပ်ကမ်းမှတဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သွင်းကုန်လုပ်ငန်းရှင်များက ထုတ်ဖော်ပြောဆိုကြသည်။

ကုန်သွယ်မှုရပ်ဆိုင်းလိုက်ခြင်းသည် ဘင်္ဂလားဒေ့ရှ်အစိုးရကို နေ့စဉ်ဝင်ငွေ တာကာ (Tk) ၃ ကုဋေခန့် ဆုံးရှုံးစေပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး တာကာ (Tk) ၁၅ ကုဋေကျော် ရှိကြောင်း တက္ကနတ်အကောက်ခွန်မှ အရာရှိ ASM Mosharaf Hossain က ပြောသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနတ်ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ် မောင်တောဆိပ်ကမ်းတို့အကြား အဓိက ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် United Land Port Teknaf Limited (UL PTL) ဆိပ်ကမ်း၏ အထွေထွေမန်နေဂျာ Md Jasim Udddin က မြန်မာဘက်ခြမ်းမှ ထွက်ခွာလာသည့် နောက်ဆုံးသင်္ဘောသည် နိုဝင်ဘာ (၁၄) ရက်က ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ဟု ပြောသည်။

ယင်းနောက် ဆိပ်ကမ်းသို့ နောက်ထပ်သင်္ဘောများ ရောက်ရှိလာခြင်းမရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများနှင့်အတူ သင်္ဘောများလည်း ထွက်ခွာခြင်းမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ အဓိက တင်သွင်းသည့် ပစ္စည်းများမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးခြောက်၊ အေးခဲ့ငါး၊ အုန်း သီး၊ ဂျင်း၊ ကွမ်းသီးနှင့် သစ်များ ပါဝင်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ကုန်သွယ်မှု ရပ်တန့်ခြင်းမပြုမီ တစ်ရက်လျင် ပျမ်းမျှ ကုန်တင်သင်္ဘော (၅) စင်းမှ (၆) စင်းအကြား မြန်မာနိုင်ငံမှ ရောက်ရှိလာကြောင်း Jasim က ဆို သည်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားမှာကို စိုးရိမ်ပါတယ်။ အခြေအနေက ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ကုန်သွယ်မှုစဖို့ ရက်ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး”ဟု ဆိုသည်။

သွင်းကုန်လုပ်ငန်းတစ်ခုဖြစ်သည့် Chowdhury Trader ၏ ပိုင်ရှင် Md Showkat Ali က ၎င်း၏ ဂျင်းနှင့် အေးခဲငါးများ တင်ဆောင်လာသော ကုန်တင်ကားနှစ်စီးမှာ မြန်မာနိုင်ငံတွင် ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ငွေပေးချေပြီးသား ကုန်ပစ္စည်းတွေ ပျက်စီးသွားရင်တော့ ဆုံးရှုံးမှုကြီးကြီးမားမား ရှိလာမှာပါ။ ပြည်တွင်းဆိပ်ကမ်းကို မှီခိုနေတဲ့ တခြားစီးပွား ရေးသမားတွေလည်း ထပ်တူ ကြုံနေရတယ်”ဟု သူက ဆက်ပြောသည်။

ယခင်က အာလူး၊ အထည်ချုပ်ပစ္စည်းများ၊ ပလက်စတစ်ပစ္စည်းများ၊ အလူမီနီယံနှင့် အခြားထုတ်ကုန်များအပါအဝင် ဒေါ်လာ ၅၀,၀၀၀ ခန့်တန်ဖိုးရှိသော ကုန်ပစ္စည်းများကို တက္ကနတ်ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသို့ လစဉ် တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀,၈၁၂ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ဒေါ်လာ ၁၉၂ သန်းခန့် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို တက္ကနတ်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းခဲ့ကြောင်း Cox’s Bazar အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

Ref: The Daily Star


LEAVE A REPLY

Please enter your comment!
Please enter your name here