နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် ကထိန်

0
219

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကာ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့ ၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

နစကအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များရွတ်ပွား သရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ သန်လျင်မင်းကျောင်းဆရာတော်ကြီး နှင့် ကျောက်မဲဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်းဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ
ဉာဏုတ္တရထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ၊အလှုရှင်များက ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် တပ်ကုန်းမြို့ ၊ ငွေတောင်တောရ ကျောင်းတိုက် ဆရာတော်နှင့်ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက်ဆရာတော်တို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှူအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here