နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်း တတိယဆုရရှိ

0
220

နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ Singapore-Global Firefighters & Paramedics Challenge (SGFPC 2023 ) ပြိုင်ပွဲတွင် မြန်မာမှ မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းသည် တတိယဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို စင်္ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့(Singapore Civil Defense Force)မှ ဖိတ်ခေါ်မှုဖြင့် စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံအပါအဝင် ယူကေ၊ ဩစတေးလျ၊ မကာအို၊ လူဇင်ဘက်၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်စသည့် နိုင်ငံပေါင်း (၁၃)နိုင်ငံမှ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲများတွင်ပါဝင်သည့် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပြိုင်ပွဲများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Braveheart(Individual) (၁)ဦးချင်း ပြိုင်ပွဲတွင် မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်း အနေဖြင့် နိုင်ငံတကာမှမီးသတ်တပ်ဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်ကာ နောက်ဆုံးအဆင့် (၄)ဦး ယှဥ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရသည်။

Braveheart(Individual) ပြိုင်ပွဲသည် မီးသတ်သမားတစ်ဦး၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ခိုင်မြဲသောဇွဲလုံ့လနှင့် နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့ဖြင့် ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်ပြီး အဆိုပါ Braveheart(Individual) (၁)ဦးချင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ် ယှဉ်ပြိုင်မှုတွင် စင်္ကာပူကပထမ၊ မလေးရှားက ဒုတိယ၊ မြန်မာက တတိယနှင့် ဩစတေးလျက စတုတ္ထနေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here