မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပ

0
237

နေပြည်တော် ကောင်စီနယ်မြေရှိ ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ (၂၅) ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ (၂၅) ရက်မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပွဲတော်ကာလအတွင်း ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ခြင်း၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော် ထားရှိခြင်း၊ MSME လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချသွားမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here