တရုတ်သို့ ပို့နေသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစက ထုတ်ပြန်

0
242

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့လွှတ်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့များထံမှ ပြန်လည် ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း နစက က သတင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဇီပင်ကျေးရွာအနီးရှိ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းအား TNLA နှင့် ပူးပေါင်းအဖွဲ့များက  နိုဝင်ဘာ (၁၅) ရက်မှ (၁၈) ရက်အထိ ဝင်ရောက်နေထိုင်ခဲ့ပြီး ထိန်းချုပ်ရေးစခန်းရှိ ထိန်းချုပ်ရေးပစ္စည်းများ ထိခိုက်စေရန်ရည်ရွယ်၍ ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း နစက ဘက်က ပြောကြားထားသည်။

အဆိုပါ ထိန်းချုပ်ရေးစခန်းသည် တရုတ်နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ရေးစခန်းဖြစ်ပြီး ယခုကဲ့သို့ ဖျက်ဆီးခံရမှုကြောင့်တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နှင့် ရေနံစိမ်းများ ပို့လွှတ်ရာတွင် ထိခိုက်မှုရှိခဲ့ရကြောင်းနှင့် လက်ရှိတွင် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးတွင် နိုဝင်ဘာ (၂၃)ရက်က မိုင်းထောင်ဖောက်ခွဲခြင်းခံရသဖြင့် ပိုက်လိုင်းပေါက်ကွဲကာ လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ် ဆုံးရှုံးခဲ့ရသည့်အတွက် ရန်ကုန် တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ပြည်သူများအား လျှပ်စစ်ဓာတ်အားကို လျှော့နည်းဖြန့်ဖြူးခဲ့ရကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ (၁၆) ရက် ညနေပိုင်းကလည်း မြိုင်ကလေးဓာတ်ငွေ့ ထိန်းဖြန့်စခန်းမှတစ်ဆင့် Gas Turbine(သထုံ)သို့ ဓာတ်ငွေ့ ပို့လွတ်လျက်ရှိသော ပိုက်လိုင်းအား ကရင် ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်အုပ်စု၊ ဆယ်မိုင်ကုန်းကျေးရွာ အနီးတွင် အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ပိုက်လိုင်း ပေါက်ကွဲခဲ့သည့်အတွက် Gas Turbine(သထုံ) သည် ရပ်ဆိုင်းခဲ့ရကာ  ရန်ကုန်တိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ်နှင့် သထုံမြို့နယ်တို့ရှိ ဒေသများရှိ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား လျော့နည်းဖြန့်ဖြူးခဲ့ရကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here