တောင်ကြီးမြို့ရှုခင်းများကို ကြည့်ရှုနိုင်မည့် တောင်ကြီး – ပေါမူ အစုန်အဆန်ရထား ပြေးဆွဲ

0
314

တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို Sight Seeing ကြည့်ရှုနိုင်မည့် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ရထားခရီးစဥ်ကို နိုဝင်ဘာလ (၂၅) ရက်မှ စတင်ပြေးဆွဲပေးနေကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တောင်ကြီးမြို့ ရှုခင်းများကို ကြည့်ရှုနိုင်ရန် တန်ဆောင်တိုင်ပိတ်ရက်များ၌ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို နိုဝင်ဘာလ (၂၇) ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း တောင်ကြီးဘူတာမှ နံနက် (၈) နာရီတွင် အထူးရထားအဖြစ် စတင်ထွက်ခွာကြောင်း သိရသည်။

တောင်ကြီး-ပေါမူ ရထားခရီးစဥ်သည် ၁၁.၄၁ မိုင် ကွာဝေးပြီး ပြေးဆွဲချိန် (၁) နာရီ (၃၀) မိနစ်ခန့် ကြာမြင့်ကြောင်းလည်း သိရသည်။

လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ် ရပ်တန့်ပေးမည်ဖြစ်ပြီး ပေါမူဘူတာသို့ ရောက်ရှိပါက တောင်ကြီးဘက်သို့ ပြန်လည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် ၁ နာရီ ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြေးဆွဲမည့် ရထားဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်းနှစ်တွဲနှင့် ရထားထိန်းတွဲ တစ်တွဲတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

တောင်ကြီး-ပေါမူခရီးစဥ်တွင် အထက်တန်းလက်မှတ်တစ်ဦးလျှင် အသွား ငွေကျပ် ၂၀၀၀၊ အပြန်ခရီး ငွေကျပ် ၂၀၀၀၊ ရိုးရိုးတန်းလက်မှတ်တစ်ဦးလျှင် အသွား ငွေကျပ် ၁၀၀၀၊ အပြန်ငွေကျပ် ၁၀၀၀ ဖြင့် ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here