(၇၅)ကြိမ်မြောက် လူ့အခွင့်အရေးနှစ် ပတ်လည်နေ့အဖြစ် “ကျွန်ုပ်ရဲ့အခွင့်အရေး ကျွန်ုပ်ရဲ့အိပ်မက်”ခေါင်းစဉ်ဖြင့် UNICEFက ကလေးပန်းချီပြိုင်ပွဲပြုလုပ်

0
334

(၇၅)) ကြိမ်မြောက် လူ့အခွင့်အရေးနှစ် ပတ်လည်နေ့အဖြစ် “ကျွန်ုပ်ရဲ့အခွင့်အရေး ကျွန်ုပ်ရဲ့အိပ်မက်”ခေါင်းစဉ်ဖြင့်ကလေးပန်းချီပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိကြောင်း UNICEF-Myanmar ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် လူ့အခွင့် အရေး သီတင်းပတ်အနေဖြင့် ဥရောပသမဂ္ဂနှင့် ယူနီဆက်ဖ်တို့က ပူးပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ပြိုင်ပွဲကို အသက် (၉) နှစ်မှ (၁၆) နှစ်အရွယ် ကလေးများပါဝင်ယှဥ်ပြိုင်နိုင်ပြီး အသက်အရွယ်ကဏ္ဠအလိုက် အသက် (၉)နှစ်မှ (၁၂)နှစ်အရွယ်အထိ တစ်အုပ်စု၊ အသက်(၁၃)နှစ်မှ (၁၆)နှစ်အရွယ်အထိ တစ်အုပ်စု စုစုပေါင်း အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ခဲခြစ်ပန်းချီကားများ၊ ရောင်စုံပန်းချီကား၊ စုပေါင်းရေးဆွဲသော ပန်းချီကားများဖြင့် ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး A3 (42 x 29,7 cm) ပုံစံ စာရွက်အရွယ်အစားထက် မကျော်ရဘဲ သက်ဆိုင်ရာ မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်စားလှယ်တစ်ဦး၏ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို ပြိုင်ပွဲဝင်ပုံ၏ နောက်ကျောတွင် ရေးသားဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စုပေါင်းရေးဆွဲထားသော ပန်းချီများဖြစ်ပါက ပန်းချီကားအား ရေးဆွဲရခြင်း ရည်ရွယ်ချက်နှင့် ပန်းချီကား၏ ဇာတ်လမ်းကြောင်း အတိုချုပ်ကိုလည်း ပုံ၏နောက်ကျောတွင် မဖြစ်မနေဖော်ပြရပါမည်ဖြစ်ပြီး၊ ပါဝင်ရေးဆွဲသူကလေးတစ်ဦးချင်းစီ၏ အမည်၊အသက်အရွယ်နှင့် ကလေးတစ်ဦးချင်းစီ၏ အသေးစိတ်အချက်အလက်များကိုလည်းဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် အ‌ကောင်းဆုံးဆု လေးဆု ‌ရွေးချယ်ချီးမြှင့်မည်ဖြစ်ရာ ပြိုင်ပွဲအလိုက် အသက်အရွယ်၊ အမျိုးအစား တစ်ခုစီတွင် အကောင်းဆုံးဆု နှစ်ဆုစီ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကလေးငယ်များ၏ ပြိုင်ပွဲဝင် ပန်းချီကားများကို ယူနီဆက်ဖ်မြန်မာ ရန်ကုန်ရုံးသို့ စာတိုက်၊ အမြန်ချော၊ delivery စာပို့ဆောင်ရေး အစရှိသည်ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရန် သတ်မှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here