တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ လူဦးရေ (၁) သန်း ကျော်လာရောက်လည်ပတ်ခဲ့

0
365

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ လာရောက်လည်ပတ်သူဦးရေ (၁၀) သိန်းကျော်အထိ ရှိခဲ့ကြောင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း (ရှမ်း/တောင်) ထံမှ သိရသည်။

ပွဲတော်ကို နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ ပြုလုပ်ခဲ့ပြီး ညမီးကြီး (၃၈) လုံး၊ စိန်နားပန် (၂၅) လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း (၁၇) လုံး၊ အရုပ်အုပ်စု (၉) အုပ်စုတို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

“စဖွင့်တဲ့ နေ့ကတည်း ပွဲပြီးတဲ့အထိဆိုရင် (၁၀)သိန်းကျော်လောက် လာရောက်လည်ပတ်မှု ရှိပါတယ်။ မီးပုံးပျံပွဲမှာ ဆုရတဲ့ သူတွေကို ဒီနေ့ညနေမှာ ဆုပေးသွားပါမယ်”ဟု အသင်းတာဝန်ရှိသူက ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ကိုဗစ် -၁၉ ရောဂါကြောင့် မီးပုံးပျံပွဲ မကျင်းပနိုင်ခဲ့ဘဲ ၃နှစ်ကြာပြီး ယခု ၂၀၂၃ ခုနှစ်တွင် (၇၁) ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုဗစ်မတိုင်ခင်လို အချိန်ကို မမှီရင်တောင် ၈၅ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ သုံးနှစ်လောက် ရပ်နားပြီးမှ ပြန်ပြီး ကျင်းပတာဆိုတော့ အခက်အခဲတွေတော့ ရှိပါတယ်”ဟု တာဝန်ရှိသူက ဆိုသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ ရှမ်းပြည်နယ်ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများလည်း ရှိခဲ့ပြီး အေးချမ်းတည်ငြိမ်စွာ၊ ပျော်ရွှင်ကြည်နှုးစွာ ပူပေါင်းပါဝင် ဆင်နွဲခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here