စီးနင်းသူ ခရီးသည် နည်းပါးသဖြင့် YBS ယာဉ်လိုင်းများ ည (၇) နာရီခွဲအထိသာ ပြေးဆွဲပေးနေ

0
237

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များကို ည (၉) နာရီအထိ ပြေးဆွဲရန်ညွှန်ကြားထားသော်လည်း ညဖက်ဘတ်စ်ကားစီးသူနည်းပါးသဖြင့် ည (၇) နာရီခွဲအထိသာ ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။

” YBS ကားတွေကိုတော့ ည (၉) နာရီအထိ ဆွဲပေးဖို့ ပြောထားတယ်။ ဒါပေမဲ့ ခရီးသည်နည်းတဲ့အတွက်ကြောင့် သူတို့လည်း (၇) နာရီအထိပဲဆွဲတော့တာပေါ့။ ခရီးသည်က (၇) နာရီလောက်ဆို သိပ်မရှိချင်တော့ဘူး။ နည်းသွားတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

YRTC အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ်လိုင်းများကို ခရီးသည်များ အနေဖြင့် Viber မှ တဆင့်တိုင်ကြားနိုင်ကြောင်း အသိပေးထားပြီး လက်ရှိတွင် အမှုပေါင်း ၁၇၅၄၅ မှုရှိကြောင်း သိရသည်။

အရေးယူ ဆောင်ရွက်မှုအနေဖြင့် ပထမအကြိမ်တွင် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက်ကျူးလွန်ပါက ယာဥ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ YBS ယာဥ်လိုင်း(၁၃၁) လိုင်း ယာဥ်စီးရေ ၃၄၉၄ ဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here