အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အသက် ၁၀၀ အရွယ်တွင် ကွယ်လွန်

0
218

စစ်အေးကာလအတွင်း အမေရိကန်နိုင်ငံခြားရေး ပေါ်လစီဆိုင်ရာမှာ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာဟာ အသက် ၁၀၀ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

သူဟာ သမ္မတဟောင်း နစ်ဆင်နဲ့ဖို့ဒ်တို့ရဲ့ အစိုးရအဖွဲ့တွေမှာ အမေရိကန်ရဲ့ ထိပ်တန်းသံတမန်၊ အမျိုးသား အကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၇၀ နှစ်လယ်မှာ ရာထူးကနေ ထွက်ခွာခဲ့ပြီး ဆယ်စုနှစ်များစွာကြာအောင် နောက်မျိုးဆက်ခေါင်းဆောင်တွေကို ဆက်လက် အကြံပေးဆောင်ရွက်ခဲ့ပါတယ်။

ဂျာမနီနွယ်ဖွား သံတမန်ဟောင်း ကွန်နက်တီကပ်ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သူတည်ထောင်ခဲ့တဲ့ ပေါ်လစီဆိုင်ရာ အကြံပေးကုမ္ပဏီ Kissinger Associates က သူကွယ်လွန်ကြောင်းကို ဗုဒ္ဓဟူးနေ့ညမှာ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပြီး ကွယ်လွန်ရတဲ့အကြောင်းရင်းကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံခြားရေးရာမှာ စိတ်ချအားထားရဆုံးနဲ့ထူးခြားစွမ်းဆောင်နိုင်ဆုံးသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရ်ှက ပြောဆိုသွားခဲ့ပါတယ်။

ကစ်ဆက်ဂျာကို ၁၉၂၃ ခုနှစ်က ဂျာမနီမှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာတစ်ယောက်ရဲ့သားဖြစ်ပါတယ်။ နာဇီအုပ်ချုပ်မှုကာလ ၁၉၃၈ ခုနှစ်မှာ မိသားစုနဲ့အတူ အမေရိကန်ကို သူ စတင်ရောက်ရှိခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်မှာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ အမေရိကန် သမ္မတ ရစ်ချတ်နစ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်မှာ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်လာခဲ့ပါတယ်။ ယင်းနောက် သမ္မတ ဂျရယ်ဖို့ဒ်လက်ထက် ၁၉၇၃ ကနေ ၁၉၇၇ ခုနှစ်ဇန်နဝါရီလအထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးစေခဲ့တဲ့ ပါရီစာချုပ်အတွက် ကစ်ဆင်ဂျာဟာ ၁၉၇၃ ခုနှစ်မှာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဒတ်သိုနဲ့အတူ ငြိမ်းချမ်းရေး နိုဗယ်ဆု ပူးတွဲရရှိခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here