ဆီးဂိမ်းစ်နှင့် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးမည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရန် စီစဉ်ထား

0
156

လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်တွင်ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရယူပေးမည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေဖြင့် အားကစားနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး အဖြစ်ခံယူပြီး ကဏ္ဍပေါင်းစုံမှ အစွမ်းကုန် ကြိုးစားအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ထူးချွန်အောင်မြင်သည့် အားကစားသမားများကို အလုပ် နေရာခန့်အပ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားဟောင်းများကိုလည်း ၎င်းတို့၏ စွမ်းဆောင်ခဲ့မှုအပေါ်မူတည်ပြီး ပင်စင် လစာကဲ့သို့ ထောက်ပံ့ကြေးများကို လစဉ်ပံ့ပိုးပေးလျက်ရှိကြောင်း” မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောသည်။

ထို့အတူ ကမ္ဘောဒီးယား နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန်ပေးအပ်ခဲ့ကြောင်းကိုလည်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ ရေကူးအားကစားသမား မောင်အောင်မြင့်မြတ်နှင့် ပြေးခုန်ပစ်အားကစားသမား မထက်ထက်အေးတို့သည် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား ဆုရရှိခဲ့ကြပြီး ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)စီ ချီးမြှင့်ခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here