တရုတ် – မြန်မာ နှစ်နိုင်ငံကြား သဘောထား ကွဲ‌လွဲအောင်ဆောင်ရွက်နေမှုများ အောင်မြင်မှာ မဟုတ်ကြောင်း တရုတ်ပြော

0
190

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ၏ နောက်ကွယ်တွင် တရုတ်က ပါဝင်ပတ်သက်နေသည်ပြောဆိုမှုများသည် နှစ်နိုင်ငံခြား ရှိရင်းစွဲဆက်ဆံရေးကို ပျက်ပြားအောင် လုပ်ဆောင်နေမှုများဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုများ အောင်မြင်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုလာသည်။

နိုဝင်ဘာ (၂၉) ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဝမ်ဝင်ဘင်း (Wang Wenbin) က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲအောင်နှင့် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပျက်ပြားစေရန် ကြိုးပမ်းမှုများကို တရုတ်နိုင်ငံအနေဖြင့် လက်မခံနိုင်ကြောင်းနှင့် ယင်းလုပ်ဆောင်ချက်များ အောင်မြင်မည်မဟုတ်ကြောင်း မစ္စတာဝမ်ဝင်ဘင်းက ပြောကြားခဲ့သည်။

အောက်တိုဘာ (၂၇) ရက်က စတင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း တိုက်ပွဲများ၏ နောက်ကွယ်တွင် တရုတ်က ပါဝင်ပတ်သက်မှုများ ရှိနေသည်ပြောဆိုချက်များနှင့် ပတ်သက်၍ AP သတင်းထောက်က မစ္စတာဝမ်ဝင်ဘင်းအား မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့သည့် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား တရုတ်နိုင်ငံက အားပေးအားမြောက်ပြုထားရာ နောက်ကွယ်မှ အထောက်အပံ့များပေးနေမှုများ ရှိနေဆိုသည့် ပြောဆိုမှုများရှိနေပြီး လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တရုတ်၏ မြှောက်ပင့်ပေးမှုများ ပါနေကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

သို့သော် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် နယ်မြေတည်တံ့ရေးကို အစဉ်အမြဲလေးစားကြောင်းနှင့် ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန် မျှော်လင့်ကြောင်းလည်း မစ္စတာ ဝမ်ဝင်ဘင်းက ပြောကြားသည်။

လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ် – မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ အားလုံးနီးပါးရပ်တန့်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here