တောင်ကိုရီးယားက SpaceX ဒုံးပျံဖြင့် ပထမဆုံး သူလျိုဂြိုဟ်တု လွှတ်တင်မည်

0
174

တောင်ကိုရီးယားနိုင်ငံဟာ SpaceX ဒုံးပျံနဲ့အတူ ၎င်းတို့ရဲ့ ပထမဆုံး စစ်ဖက်သူလျိုဂြိုဟ်တုတစ်လုံးကို စနေနေ့(ဒီဇင်ဘာ ၂) အစောပိုင်းမှာ လွှတ်တင်သွားမှာဖြစ်ကြောင်း ဆိုးလ်ရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ဖော်ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လမှာ မြောက်ကိုရီးယားက သူတို့ရဲ့ ပထမဆုံး သူလျိုဂြိုဟ်တုကို လွှတ်တင်လိုက်ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်မှာ အာကာသရေးရာပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့တာပါ။

အယ်လွန်မတ်စ်ရဲ့ SpaceX Falcon 9 ဒုံးပျံတစ်စင်းက ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားမှာဖြစ်ကာ ကယ်လီဖိုးနီးယားရှိ အမေရိကန် အာကာသတပ်စခန်း Vandenberg ကနေ ဆိုးလ်စံတော်ချိန် ၀၃၁၉ နာရီမှာ ဒုံးပျံလွှတ်တင်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အရာရှိတစ်ဦးက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

SpaceX ကလည်း ‘KOREA’ လို့ စာတမ်းရေးထိုးထားတဲ့ Falcon 9 ဒုံးပျံတစ်စင်း ဒုံးလွှတ်စင်မှာ တပ်ဆင်ထားတဲ့ပုံကို ထုတ်ဖော်ပြသထားခဲ့ပါတယ်။

ပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တုလွှတ်တင်မှု အောင်မြင်ခဲ့မယ်ဆိုရင် တောင်ကိုရီးယားဟာ သူတို့ရဲ့ ပထမဆုံး ပြည်တွင်းလုပ် သူလျိုဂြိုဟ်တုတစ်လုံးနဲ့ နျူလက်နက်ပိုင် မြောက်ကိုရီးယားအပေါ် ထောက်လှမ်းစောင့်ကြည့်သွားနိုင်တော့မှာဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ထောက်လှမ်းစောင့်ကြည့်မှုစွမ်းရည် အားဖြည့်မှုအဖြစ် တောင်ကိုရီးယားဟာ ၂၀၂၅ နှစ်ကုန်ပိုင်းအရောက် နောက်ထပ် သူလျိုဂြိုဟ်တု လေးလုံး လွှတ်တင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here