လိပ်ကျွန်းလူသ-တ်မှုမှ ဝင်းနှင့်ဇော် တို့က ၎င်းတို့၏ ပြစ်ဒဏ်များ လျှော့ပေါ့ပေးရန် မေတ္တာရပ်ခံထား

0
186

လိပ်ကျွန်းလူသ-တ်မှုဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရသည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း (ဝင်းနှင့်ဇော်) တို့သည် ထိုင်းနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် လုပ်ငန်းစဉ်မှတဆင့် ၎င်းတို့၏ ပြစ်ဒဏ်များ လျှော့ချနိုင်ရေးအတွက် ရှေ့နေများကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၂၉) ရက်တွင် ဝင်းနှင့်ဇော်ကို လိပ်ကျွန်းလူသ-တ်မှု စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီအဖွဲ့မှ ရှေ့နေကြီး Nakhon Chom phuchat နှင့် တာဝန်ရှိသူအချို့ ဝင်းနှင့်ဇော်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဝင်းနှင့်ဇော်က ၎င်းတို့ရဲ့ မိခင်များ၊ ညီအကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့် ရရန်လည်း မေတ္တာရပ်ခံခဲ့ပါတယ်”ဟု ထိုင်းရောက် မြန်မာအရေးလှုပ်ရှားကူညီပေးသူ FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားထားသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အနေဖြင့် ပြီးခဲ့သည့် နှစ်မှစပြီး ရခိုင်ပြည်ရှိ ဒေသခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် မိဘများ ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အား မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“နိုင်ငံရေးကိစ္စများ မည်သို့ပင် ရှုပ်ထွေးနေပါစေ။ “ဝင်းနှင့်ဇော်” မိဘဆွေမျိုးများ ထိုင်းနိုင်ငံကို လာရောက်နိုင်အောင် ဝိုင်းဝန်းကြိုးစားရပါဦးမယ်”ဟု ယင်းက ဆိုသည်။

လက်ရှိတွင် မောင်ဇော်လင်းနှင့် မောင်ဝင်း‌ဇော်ထွန်းတို့သည် စိတ်ဓါတ်ကြံ့ခံနေကြပြီး ကျန်းမာရေးကောင်းကြသည် ဟုကြားသိရသည့်အတွက် ဝမ်းသာရပါကြောင်းနှင့် အကျဉ်းထောင်ထဲတွင် ကိုးနှစ်ကျော်ကြာအောင် နေထိုင်ခဲ့ကြပြီးဖြစ်သည့်အတွက် ကျင့်သားရနေကြသည်ဟု သိရသည်။

“ဝင်းနှင့် ဇော်က ထိုင်းစကားကို ကျွမ်းကျင်စွာပြောတတ်နေပြီး ပြသာနာကြီးကြီးမားမား မရှိကြဘူးလို့လည်း သိရပါတယ်”ဟု FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here