ပုဂ္ဂလိကကျွန်းစိုက်ခင်းဧက နှစ်သိန်းခွဲကျော်စိုက်ပျိုးခွင့်ပြုထား

0
167

၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပုဂ္ဂလိကကျွန်းစိုက်ခင်းဧက ၂၆၅,၀၀၀ ကျော် တည်ထောင်စိုက်ပျိုးခွင့် ခွင့်ပြုပေးခဲ့ကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိကသစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက စီမံခန့်ခွဲနိုင်ခွင့်ရှိသည့် သစ်တောမြေများတွင် ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်စိုက်ပျိုးမှု လုပ်ငန်းများကို ၂၀၀၆ ခုနှစ်မှစ၍ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားရေး၏ အဓိကမဏ္ဏိုင်တစ်ခုဖြစ်သည့် ကျွန်းနှင့် သစ်မာ ပြုစုပျိုးထောင် ထုတ်လုပ်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကျွန်းနှင့် သစ်မာမျိုးစုံ စိုက်ခင်းများ စိုက်ပျိုးတည်ထောင် ထုတ်လုပ်ရောင်းချခွင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း အချို့သော လုပ်ငန်းရှင်များသည် ပုဂ္ဂလိကကျွန်းစိုက်ခင်းဆိုင်ရာ၊ တည်ထောင်ခြင်းဆိုင်ရာ စာချုပ်စည်းမျဉ်း၊ စည်းကမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စာချုပ်စည်းကမ်း ဖောက်ဖျက်ခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ထို့အပြင် အချို့သော ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိသဖြင့် ပြန်လည်အပ်နှံမှုများ ရှိလာခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ခွင့်ပြုပေးခဲ့သည့် ပုဂ္ဂလိကကျွန်းစိုက်ခင်းများမှ ကျွန်းစိုက်ခင်း ၉၄၄၂၁ ဒသမ ၄၇ ဧက ပြန်လည်သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် လက်ရှိတွင် ပုဂ္ဂလိကကျွန်းစိုက်ခင်းအသစ်များကို ခွင့်ပြုပေးမှုမရှိသေးကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here