MNDAA ၏ စစ်သားစုဆောင်းနေမှု ဝိုင်းဝန်းမတိုက်ဖျက်နိုင်ပါက စစ်ဘုရင်ဝါဒ ထပ်မံကြီးစိုးလာမည်ဟု နစကပြောခွင့်ရသူပြောကြား

0
418

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ MNDAA က တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေပြီး အဆိုပါ လုပ်ဆောင်မှုများကို ဝိုင်းဝန်းမတိုက်ဖျက်နိုင်ပါက နယ်စပ်ဒေသများတွင် စစ်ဘုရင်ဝါဒ ပြန်လည်ကြီးစိုးလာကာ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် ကိစ္စများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာ (၂) ရက် ညပိုင်းက ပုံမှန်ထုတ်ပြန်နေသည့် နေ့စဉ်စစ်ရေးအခြေအနေများကို ထုတ်ပြန်စဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းတိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှမလုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားဒေသတွေမှာ ယခင်တုန်းကလိုပဲ စစ်ဘုရင်ဝါဒပြန်လည်ကြီးစိုးလာမှာ ဖြစ်ပါတယ်။ လက်နက်အားကိုးပြီး လက်နက်နဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေ ထပ်မံပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း MNDAA က စစ်သားစုဆောင်းမှုများ လုပ်ဆောင်နေပြီး ယင်းအဖွဲ့၏ ပြောခွင့်ရသူကိုယ်တိုင်က ချင်းမိုင်အခြေစိုက် SHAN NEWS သတင်းဌာနတွင် အတည်ပြု ပြောကြားထားသည်။

MNDAA ပြောခွင့်ရသူ လီကျားဝင်းက SHAN NEWS သ တင်းဌာနတွင် ပြောကြားထားချက်အရ ကိုးကန့် ဒေသအတွင်းရှိ အသက်(၁၆) နှစ် ပြည့်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမျိုးသမီး၊ အမျိုးသား၊ ကိုရင် စသည့်ဖြင့် လူမျိုးဘာသာမ‌ရွေး တပ်သားအဖြစ် စုဆောင်းသွားမည်ဟု သိရသည်။

“ အမျိုးသမီးတွေကိုတော့ ကျနော်တို့ စစ်မှုမထမ်းခိုင်းပါဘူးဗျ။ ဒီကုသရေးပိုင်းတို့ ရုံးပိုင်းတို့မှာပဲ အသုံးပြုပါတယ်။ ဒါပေမဲ့ အမျိုးသား ၂ ယောက်ရှိရင်တော့ တစ်ယောက်ကိုတော့ စစ်မှုထမ်းခိုင်းပါတယ်ဗျ။ အခုအရေးပေါ်ကာလဆိုတော့ လူတန်းစား ၊ လူမျိုးနွယ်စုတို့ခွဲခြားတာတော့မရှိပါဘူး။ ၁၆ နှစ်ပြည့်တာနဲ့ စစ်မှုထမ်းရမယ့် တာဝန်တော့ရှိပါတယ် “ ဟု လီကျားဝင်းက SHAN NEWS တွင် ဖြေကြားထားသည်။

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ရှမ်းလူမျိုးနှင့် ၊ တအာင်း လူမျိုးများအား MNDAA က အတင်းအဓမ္မ တပ်သားစုဆောင်းမှုများ လုပ်ဆောင်နေသည်ဟု ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here