မွန်ပြည်နယ်ထွက် ဆားကြမ်းတန်ချိန် ၆၀၀ ကျော် ပြည်ပစျေးကွက်သို့ တင်ပို့ရန် ပို့ကုန်လိုင်စင်ပြုလုပ်နေ

0
170

မွန်ပြည်နယ်ဒေသထွက် ဆားကြမ်းတန်ချိန် ၆၀၀ ကျော် ဝယ်ယူတင်သွင်းလိုကြောင်း ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်းထားသဖြင့် ပို့ကုန်လိုင်စင် ပြုလုပ်နေကြောင်း သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲမှ ဦးစီးမှူး ဦးခင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာမှ ထွက်ရှိသည့် နေလှန်းဆားကြမ်းတင်ပို့ရန် တောင်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ပြီး တန်ချိန် ၂၀ ပါ ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ထားကြောင်း သိရသည်။

“နောက်ထပ် သဘောတူညီချက်ရရင် ဆက်ပြီး တင်ပို့မှာပါ။ ပို့ကုန်လိုင်စင်ကတော့ ပြုလုပ်နေတုန်းပါပဲ”ဟု ဦးစီးမှူး ဦးခင်ဝင်းက ပြောသည်။

ထို့အပြင် ဩဂုတ်လအတွင်းက ဂျပန်နိုင်ငံသို့ သံဖြူဇရပ်မြို့နယ် ငပကျေးရွာမှ ထွက်ရှိသည့် ဆားကြမ်းတန်ချိန် ၂၀ ပါ ကွန်တိန်နာတစ်လုံး တင်ပို့ထားကြောင်းလည်း သိရသည်။

“တန် ၆၀၀ ထပ်မှာထားတာရှိတယ်။ စာချုပ်နဲ့တော့ အတိအကျ မဟုတ်သေးဘူး။ ဧပြီနဲ့ ဇူလိုင်လမှာတော့ ဆားကြမ်းနမူနာ ပို့ပေးထားတယ်”ဟု ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

လက်ရှိ ဆားထုတ်လုပ်သည့် ရာသီချိန်ဖြစ်ပြီး အဆိုပါလုပ်ကွက်များမှ ဆားများမှာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်များမှ ထွက်ရှိသည့် ဆားကြမ်းများကို ဒေသတွင်းသာမက တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယအများဆုံး ဆားထုတ်လုပ်သည့် ပြည်နယ်တစ်ခုဖြစ်သည့် မွန်ပြည်နယ်၌ ဆားကြမ်းနှင့် ဆားချောထုတ်လုပ်သည့် စက်ရုံ (၁၂) ရုံအထိ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here