မင်းပြား မြို့မဈေးကြီးနှင့် မြို့ပေါ်တို့တွင် ပြန်လည် စည်ကားစပြုလာ

0
224

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့တွင် ယခင်ရက်များက ထိတွေ့မှုများကြောင့် လူအသွားအလာနည်းပါးခဲ့သော်လည်း လက်ရှိတွင် မင်းပြားမြို့နှင့် မြို့မဈေးတို့မှာ ပြန်လည် စည်ကားစပြုနေပြီဖြစ်ကြောင်း မင်းပြားမြို့ ဒေသခံများထံမှ သိရသည်။

“ဟုတ်တယ်။ ပြန်စည်နေပါပြီ။ ဟိုးအရင်တုန်းကလိုတော့ အလုံးစုံပြန်ဖွင့်တာတော့ မဟုတ်ဘူး။ တချို့ တဝက် ပြန်ဖွင့်တယ်။ ဆိုင်ခန်းအများစုကတော့ ပိတ်ထားဆဲပဲ။”ဟု မင်းပြားမြို့ ဒေသခံ တစ်ဦးက ဆိုသည်။

မင်းပြားမြို့သူ မြို့သားများ မြို့ပေါ်မှ ရှောင်နေကြပြီး ဌာနဆိုင်ရာရုံးများပါ မဖွင့်ဘဲ ပိတ်ထားရကြောင်း ကောလာဟလ ပြန်နှံ့နေသည့်အပေါ် မြို့ခံများ ပြန်လည်ဖြေဆိုထားခြင်းဖြစ်သည်။

မင်းပြားမြို့တွင် ထိတွေ့မှုများကြောင့် ကြောက်လန့်၍ နယ်ဘက်သို့ တိမ်းရှောင်နေသူ အချို့ရှိခဲ့သော်လည်း လက်ရှိတွင် မင်းပြားမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

“မြို့အခြေနေကလည်း တစ်ဝက်လောက်တော့ ပြန်ရောက်ပြီ။ တချို့တစ်ဝက်ကတော့ ပြန်မရောက်သေးဘူး။ မရောက်သေးဘူးဆိုတာကလည်း နယ်မှာ အိမ်ရှိကြတယ်။ ဒီမှာနေလိုက် ရွာပြန်နေလိုက် နေကြတာပေါ့။ နည်းနည်း အခြေနေဆိုးတာနဲ့ ရွာမှာနေကြတယ်။ အခြေနေအေးရင် မြို့ပေါ်ပြန်လာကြတယ်။ အဲဒီလိုပုံစံမျိုးပေါ့။ မြို့ပေါ်မှာနေတဲ့ သူတွေကျတော့ ပြန်ရောက်နေကြပြီ။ ဟိုရက်တွေတုန်းကဆို ‌ေ-သ နတ်သံ ဘာသံ တော်တော်လေး ကြားရတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေ ကြောက်ကြတော့ နယ်ကို ပြေးကြတာပေါ့နော်။ (၃) ရက်လောက်ရှိပြီ ငြိမ်နေတာ။ မြို့ပေါ်မှာတော့ အေးဆေးပဲ”ဟု ၎င်းက ဆိုသည်။

မင်းပြားမြို့ပေါ်တွင် အခြေနေ ငြိမ်သက်နေသည်မှာ (၃) ရက်ခန့်ရှိပြီဖြစ်သော်လည်း မင်းပြားမြို့နှင့် (၄) မိုင် ခန့်ဝေးသည့် နယ်ဘက် တချို့တွင် ထိတွေ့မှု အနည်းငယ် ဆက်လက်ဖြစ်ပွားနေသေးကြောင်းလည်း ဒေသခံတို့က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် နိုဝင်ဘာလလယ်ပိုင်းက စတင်ကာ မြန်မာ့တပ်မတော်နှင့် AA တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ရေးအခြေအနေ တင်းမာနေသည့် ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ၊ ရေလမ်းအချို့ ပိတ်ထားရဆဲဖြစ်သည့်အတွက် ဆက်သွယ်သွားလာရေးအခက်အခဲများနှင့် ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here