PNLO အခြေပြုဒေသ မြို့လေးမြို့သို့ရောက်ရှိလာသော စစ်ရှောင်ပြည်သူ သောင်းချီအား စားနပ်ရိက္ခာထောက်ပံ့ကူညီ

0
170

PNLO အခြေပြုဒေသ မြို့လေးမြို့ဖြစ်သည့် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်နှင့်နောင်မွန်မြို့များသို့ စစ်ရှောင်များအား အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO က ယနေ့တွင် စားနပ်ရိက္ခာများထောက်ပံ့ကူညီခဲ့သည်။

လက်ရှိတွင် အဆိုပါမြို့လေးမြို့သို့ စစ်ရှောင်လာသူ ပြည်သူစုစုပေါင်း သောင်းချီရှိနေပြီဖြစ်သည်ဟုဆိုသည်။

စစ်ရှောင်ပြည်သူများအနက် အချို့ပြည်သူများမှာ ဘောလခဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ စစ်ဘေးရှောင်လာရာမှ တိုက်ပွဲအခြေအနေကြောင့် လွိုင်ကော်မြို့မှတဆင့် PNLO အခြေပြုဒေသသို့ ထပ်မံစစ်ဘေးရှောင်လာရသူများလည်းရှိကြောင်း သိရသည်။

စစ်ရှောင်လာသူများထဲတွင် လူမျိုး ဘာသာပေါင်းစုံများပါဝင်‌နေပြီး၊ PNLO အုပ်ချုပ်ရေးဌာနနှင့် အလှူရှင်များပူးပေါင်းပြီး တတ်နိုင်သမျှ ကူညီလျက်ရှိသည်ဟုဆိုသည်။

လက်ရှိ ရောက်ရှိလာသော စစ်ရှောင်သောင်းချီသည် မြို့လေးမြို့သို့ရောက်ရှိလာသည့် အရေအတွက်သာဖြစ်ပြီး၊ ဘုရားဖြူ၊ ကယန်းလေး၊ ဆီဘွာ၊ ဒေါမထော၊ ဒေါမထာ စသည့် ဒေသများအတွင်းခိုလှုံနေသော စစ်ရှောင်စာရင်းများမပါဝင်သေးပေ။

“လက်လှမ်းမီသလောက်တော့ စာရင်းလုပ်နေတယ်။ ကျွန်တော်တို့ဒေသအတွင်း စစ်ရှောင်ဘယ်လောက်ရောက်နေပြီလဲဆိုတာ နောက်တစ်ပတ်လောက်ဆိုရင်တော့ ပြောနိုင်ပါလိမ့်မယ်။ အခုတော့ သောင်းချီနေပြီဆိုတာလောက်ဘဲပြောနိုင်ပါမယ်” ဟု ယင်းအဖွဲ့၏ ပြောခွင့်ရသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြည်တွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာစစ်‌ဘေးရှောင်ပြည်သူ(၂၈၆,၀၀၀ ) ကျော်အထိရှိလာပြီဖြစ်ကြောင်း UN ၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ- PNLO


LEAVE A REPLY

Please enter your comment!
Please enter your name here