မြန်မာနိုင်ငံ ရောဂါထိန်းချုပ် နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်းကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး လျာထား

0
175

မြန်မာနိုင်ငံ ရောဂါထိန်းချုပ် နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း (Myanmar CDC)ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်လည်ပတ်နိုင်ရေး လျာထားဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရောဂါ ထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်းကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ယွမ်သန်း (၄၀၀)ခန့် တန်ဖိုးရှိ နိုင်ငံတကာအဆင့်မှီရောဂါထိန်းချုပ် နှိမ်နင်းရေး ဗဟိုဌာနတစ်ခု ဖြစ်ကြောင်း သိရသည်။

ဗဟိုဌာနတွင် Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာ အဆင့်မှီ ဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေးစနစ်များပါရှိသော (၃)ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အဦများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် သင်တန်းသား/သူ (၂၀၀)ဦးခန့် ထားရှိ၍ လေ့ကျင့် သင်ကြားပေးနိုင်မည့် (၃)ထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦနှင့် (၂)ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦတို့ ပါရှိမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်လည်ပတ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေး ဝန်ထမ်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံရောဂါထိန်းချုပ် နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း တည်ဆောက်နေမှုအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းနှင့် အဖွဲ့မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here