တောင်ဥက္ကလာပတွင် အမျိုးသမီး တစ်ဦးထံမှ ဘေးတွဲဆိုင်ကယ်နှင့် လူနှစ်ဦးက ပိုက်ဆံအိတ်လုပြေး

0
337

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ သူရ (၅) လမ်းတွင် တစ်ဦးတည်း စက်ဘီးဖြင့် ဆေးခန်းသွားသူ အမျိုးသမီးထံမှ ဘေးတွဲဆိုင်ကယ်နှင့် လူနှစ်ဦးက ပိုက်ဆံအိတ်လုပြေးမှု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက် သူရ ၅ လမ်းတွင် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က စက်ဘီးဖြင့် ဆေးခန်းသွားသည့် အမျိုးသမီး တစ်ဦးထံမှ ဘေးတွဲဆိုင်ကယ်အပြာရောင်နှင့် လူနှစ်ဦးက ပိုက်ဆံအိတ်လုပြေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပိုက်ဆံအိတ် အလုခံရသူ အမျိုးသမီးမှာ လမ်းဘေးတွင် ၁၅ မိနစ်ခန့် သတိလစ်သွားခဲ့ရပြီး ဒဏ်ရာများလည်း ရရှိခဲ့ကာ အရေးပေါ်ခွဲစိတ်ခဲ့ရကြောင်း လုယက်ခံရသူ အမျိုးသမီး၏ အစ်မဖြစ်သူက ပြောဆိုသည်။

“ညီမလေးက လမ်းဘေးမှာ ၁၅ မိနစ်လောက် သတိလစ်သွားခဲ့ပြီး ဦးခေါင်းပွန်းပဲ့ဖူးရောင်၊ မျက်နှာနဲ့ နှုတ်ခမ်းပွန်းပဲ့ဖူးရောင်၊ လက်နှစ်ဖက်ပွန်းပဲ့ပြီး ညှပ်ရိုးကျိုးလို့ အရေးပေါ်ခွဲစိတ်ခဲ့ရပါတယ်။ ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်ပြန်ရရင်ကျေနပ်ပါပြီ။”ဟု အစ်မဖြစ်သူက ဆိုသည်။

အမျိုးသမီးမှာ လမ်းဘေးတွင် သတိလစ်သွားပြီးနောက် ဦးခေါင်းပွန်းပဲ့ဖူးရောင်ဒဏ်ရာ၊ မျက်နှာနှင့် နှုတ်ခမ်းပွန်းပဲ့ဖူးရောင်ဒဏ်ရာ၊ လက်နှစ်ဖက် ပွန်းပဲ့ဒဏ်ရာနှင့် ညှပ်ရိုးကျိုးဒဏ်ရာများရရှိခဲ့ကာ အရေးပေါ် ခွဲစိတ်ကုသခဲ့ရကြောင်း ၎င်း၏ အစ်မဖြစ်သူက ဆိုသည်။

ထိုသို့ ပိုက်ဆံအိတ် လုယက်ခံရသူ အမျိုးသမီး အမည်မှာ မငြိမ်းမြင့်မြတ်ဝင်း (ခ) မငြိမ်းမြင့်မြဝင်းဖြစ်ပြီး မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များကို အမှိုက်ပုံနှင့် လမ်းဘေးတစ်နေရာတွင် ကောက်ရတွေ့ရှိခဲ့ပါက 09979949551 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် တစ်ပတ်တွင် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ဇာနည် ၁၀ လမ်းတွင်လည်း ည ၉ နာရီခွဲခန့်က စက်ဘီးနှင့် ဖုန်း လုပြေးမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here