တရား စွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို တရားလွှတ်တော်ချုပ်တွင် ကြားနာ

0
158

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရသည်ဟု ထွက်ဆိုချက်ကြောင့် အဂတိလိုက်စားမှု ပုဒ်မဖြင့် တရားစွဲခံခဲ့ရသည့် အမှု၏ အထူးအယူခံကို ယနေ့ဒီဇင်ဘာလ (၄) ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ လျှောက်လဲချက်ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှတဆင့် သိရသည်။

ယခုအမှုနှင့် ပတ်သက်၍ အထူးတရားရုံးမှ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ထောင်ဒဏ် (၅)နှစ် ချမှတ်ထားခြင်းဖြစ်ပြီး နေပြည်တော် တရားလွှတ်တော်ချုပ်တွင် အထူးအယူခံ လျှောက်လဲချက်တင်ထားခြင်း ဖြစ်သည်။

ယခုအမှုအတွက် အပြီးသတ် အမိန့်ချမှတ်ခြင်းအား လာမည့် ရုံးချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်အမှု (၅) မှုအား ဒီဇင်ဘာ (၅) ရက်တွင် ဆက်လက်ကြားနာသွားမည်ဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ ဇနီးတို့က ထွက်ဆိုခဲ့သည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုဖြင့်အမှုဖွင့် တရားစွဲဆိုကာ ထောင်ဒဏ် (၅) နှစ် ချမှတ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား အမှု (၁၉) မှုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ထားရာမှ အမှုအချို့အတွက် ထောင်ဒဏ် (၆) နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အတွက် ထောင်ဒဏ် (၂၇) နှစ် ကျခံနေရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here