နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် များစွာထိခိုက်နစ်နာနေဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
175

နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရ ထိခိုက်မှုများရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍ၌ ထိခိုက်နစ်နာမှုများစွာရှိနေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၄) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှ တ်စဉ် (၇/၂၀၂၃) တွင် တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရ ထိခိုက်မှုများရှိပြီး ခရီးသွားလုပ်ငန်း၌ များစွာ ထိခိုက်နစ်နာမှုရှိနေကြောင်း၊ နိုင်ငံရေး အရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှသာလျှင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် စီးပွားရေး လုပ်ရာတွင်လည်း အကျိုးအမြတ်အတွက်ရှိသကဲ့သို့ နိုင်ငံ့အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသအလိုက်ထုတ်ကုန်များ တူညီမှုရှိမည်မဟုတ်သဖြင့် ဒေသနှင့်သင့်လျော် ကိုက်ညီသည့် ထုတ်ကုန်များအောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်ကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here