လာမည့် ဇန်နဝါရီလမှစတင်ပြီး အွန်လိုင်းစနစ်ဖြင့် ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်

0
219

လာမည့် ဇန်နဝါရီလမှစတင်ပြီး အွန်လိုင်းစနစ်ဖြင့် ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းနှင့် နှစ်စဥ်ကြေးပေးသွင်းခြင်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ဒီဇင်ဘာလ (၄) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို FDA Myanmar ၏ e-Submission System တွင် ဆေးဝါးမှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၁၈၀)ကြိုတင်၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်းလည်း အသိပေး သိရသည်။

ယင်းသို့ လျှောက်ထားရာ၌ ကနဦး အထောက်အထားစိစစ်ခ(၃)သိန်းကျပ်ကို e-Submission System တွင် Digital Payment ဖြင့် စတင်ပေးသွင်းရမည်ဖြစ်ကာ ကုမ္ပဏီများအနေဖြင့်လည်း လိုအပ်သည့်အချက်အလက်များကို တစ်လအတွင်း online တွင် ပြန်လည်တင်ပြရန်လိုအပ်ပြီး တစ်လအတွင်း မတင်ပြနိုင်ပါက online မှ ဖယ်ရှားခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် FDA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အသိပေးကြေညာချက်အရ ဆေးဝါးမှတ်ပုံတင်ကြေးနှင့် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများအတွက် နှစ်စဉ်ကြေး (Annual Fee) ကို e-Submission System တွင် Digital Payment ဖြင့် နှစ်စဉ်ပေးသွင်းရမည်ဖြစ်ပြီး နှစ်စဉ်ကြေး ပေးသွင်းရန် နှစ်နှစ်ဆက်တိုက် ပျက်ကွက်ပါက ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်း ဆက်လက်ဆောင်ရွက်ခွင့်မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here