တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက္ကားစျေးကြီး၌ စျေးရုံကြီးများ ထပ်မံတည်ဆောက်နေ

0
221

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက္ကားစျေးကြီး၌ စျေးရုံကြီးများကို ထပ်မံတည်ဆောက်နေကြောင်း Myanmar Agro Exchange Public Co.,Ltd မှ သိရသည်။

“တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် လက္ကားစျေးကြီးကို Phase-1, Phase -2 ဆိုပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ Phase-1 မှာ စျေးရုံကြီးလေးရုံ လည်ပတ်နေပြီး လူနေပွဲရုံ အဆောက်အအုံ အလုံး (၆၀) ကျော် တည်ဆောက်ထားပါတယ်။ ဒါ့အပြင် စျေးရုံကြီးလေးရုံနဲ့ လည်ပတ်နေရုံ မဟုတ်ဘဲနဲ့ ဒီနှစ်ပိုင်းကစပြီးတော့ Phase-2 ပေါ့၊ စျေးရုံအသစ်တွေထပ်ပြီးတော့ အ ကောင်အထည်ဖော်နေပါတယ်။ စျေးရုံ ၅၊ စျေးရုံ ၇ ဆိုပြီး နောက်ထပ်တည်ဆောက်နေပါတယ်၊ လာမယ့် ဖေဖော်ဝါရီ၊ မတ်လောက်ဆိုရင် ဒီစျေးရုံတွေကို ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်”ဟု Myanmar Agro Exchange Public Co.,Ltd Sale Marketing တာဝန်ခံ အထွေထွေမန်နေဂျာ ဒေါ်ဥမ္မာအောင် ကပြောသည်။

အဆိုပါ တညင်းကုန်းဈေးသစ်သို့ မြန်မာနိုင်ငံဒေသစုံမှ ကုန်ပစ္စည်းများနေ့စဉ် မော်တော်ယာဉ်အစီး (၃၀၀) ကျော် ဝင်ရောက်လျက်ရှိကြောင်း၊ ယင်းတညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက္ကားစျေးကြီး၌ လက်ရှိစျေးရုံ (၄) ရုံရှိပြီး စျေးရုံ (၁) တွင် သစ်သီးဆိုင်များ၊ စျေးရုံ (၂) တွင် တောင်သူများရောင်းဝယ်ဖောက်ကားနိုင်သည့် ဟင်းသီးဟင်းရွက်ဆိုင်များ၊ စျေးရုံ (၃) တွင် အာလူး၊ ကြက်သွန်ကဲ့သို့ ကုန်ခြောက်ဆိုင်များ၊ စျေးရုံ (၄) တွင် ရာသီပေါ်သီးနှံဆိုင်များ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ထပ်မံတည်ဆောက်မှုတွင် စျေးရုံ (၅)၌ ကုန်ခြောက်ဆိုင်ခန်းများ၊ စျေးရုံ (၇)တွင် ဟင်းသီးဟင်းရွက်နှင့် ပန်းမန်ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် စျေးရုံ (၆) သည်ယခုနှစ်တည်ဆောက်မှုတွင် ပါဝင်ခြင်းမရှိသေးသော်လည်း ကုန်စိမ်းဆိုင်များ၊ စားသောက်ဆိုင်များ၊ သားငါးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ ပါဝင်ရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက္ကားစျေးကြီးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများနှင့် ကုန်စည်ပွဲရုံများဌာနနှင့် Myanmar Agro Exchange Public Co.,Ltd တို့ အကျိုးတူပူးပေါင်း၍ မြေအကျယ်ဧက ၈၀ ကျော်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး နေ့စဉ် နံနက် (၃) နာရီမှ ည (၁၂) နာရီဝန်းကျင်ထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here