အားကောင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခု နီးကပ်လာစဉ် အိန္ဒိယ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးကြီး

0
215

ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ မုန်တိုင်းတစ်ခုအဖြစ် ပိုမိုပြင်းထန်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ပြည်နယ်တွေမှာ သတိပေးတပ်လှန့်မှုတွေ့မြှင့်တင်ထားပြီး ဒီဇင်ဘာ (၄) ရက်က နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

တောင်ပိုင်း တမီလ်နာဒူး၊ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်တွေ၊ အရှေ့ပိုင်းက သြရိသျှပြည်နယ်တို့မှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပြီး ပြည်နယ်အာဏာပိုင်တွေက ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းနဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အဆိုပါ မုန်တိုင်းဟာ တောင်ပိုင်းကမ်းရိုးတန်းဒေသကို လေတိုက်နှုန်း ၁ နာရီ ၅၆ ကနေ ၆၂ မိုင်နှုန်းနဲ့အင်္ဂါနေ့(ဒီဇင်ဘာ ၅ ရက်) မှာ ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတယ်လို့ အိန္ဒိယ မိုးလေဝသဋ္ဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ အင်္ဂါနေ့ မွန်းလွဲပိုင်းလောက်မှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဘာပတ္တလာမြို့အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့လည်း မိုးလေဝသဋ္ဌာန အကြီး အကဲ မရွတ်ယန်ဂျေး မိုဟာပတ်ထရာက ပြောဆိုခဲ့ပါတယ်။

အန်ဒရာ ပရာဒေ့ရှ်ပြည်နယ် အစိုးရက တနင်္လာနေ့ကစလို့ စာသင်ကျောင်းတွေ ပိတ်ခိုင်းထားသလို တမီလ်နာဒူးပြည်နယ် အာဏာပိုင်တွေကလည်း မိုးကြီးမှုဖြစ်နိုင်တဲ့ ခရိုင်လေးခုမှာ အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။

အရှေ့ပိုင်း သြရိသျှပြည်နယ်က ခရိုင်အများအပြားမှာလည်း မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နေပြီး အင်္ဂါနေ့မှာ အခြေအနေ ပိုပြင်းထန်နိုင်တယ်လို့ အာဏာပိုင်တွေက အသိပေးထားကြောင်း သိရပါတယ်။

Ref:AP


LEAVE A REPLY

Please enter your comment!
Please enter your name here