မိုးရွာသွန်းထားမှုကြောင့် လတ်တလောတွင် မူဆယ် – လာရိူး တောလမ်းကို အသုံးမပြုကြ‌သေးရန် လူမှုကူညီကယ်ဆယ်ရေးအသင်းများ အသိပေးထား

0
236

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် အချို့လမ်းပိုင်းများ ပျက်စီးမှုရှိနေသည့်အတွက် မူဆယ် – လာရိူး တောလမ်းမှ ခရီးသွားလာမည့်သူများအနေဖြင့် အဆိုပါလမ်းကို မသွားလာသင့်ကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများက အသိပေးပြောဆိုထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းမှာ သွားလာ၍ မရသဖြင့် ဒေသတွင်း ခရီးသွားလာသူများအနေဖြင့် တောလမ်းကို အသုံးပြုသွားလာလျက်ရှိရာ လက်ရှိ မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ လမ်းချော်ကာ ဗွက်များနက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မူဆယ် – လာရှိုး တောလမ်းက မိုးရွာတော့ လမ်းတွေချော်တာရယ်။ အခု ဟိုဘက်က ပိတ်ထားတယ်လို့လည်း ကြားတယ်။ တချို့လည်း မူဆယ်ကနေ ဆင်းသွားတဲ့သူတွေ ၅ ရက်ကြာတယ်ပေါ့။ မိုးကတော်တော် တအားရွာနေတယ်။ မိုးရွာရင် လမ်းတွေကချော် ဗွက်ကနက်နဲ့ သွားလို့ အဆင်မပြေဘူးလေ။” ဟု မူဆယ်မြို့ဒေသခံ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် လားရှိုးမြို့တွင် ထိတွေ့မှုမရှိဘဲ နယ်မြေအေးချမ်းနေသည်မှာ (၃) ရက်ခန့်ရှိပြီဖြစ်ကြောင်း မူဆယ်နှင့် လားရှိုးမြို့ ဒေသခံများထံမှ သိရသည်။

“မူဆယ် – လားရှိုးလမ်း သွားလို့မရဘူး။ ကွင်းလမ်းတစ်ခုရှိတယ်။ မိုးရွာတော့ လမ်းချော်တာပေါ့။ သူက ရွှံတွေ ဗွက်တွေချည်းပဲလေ။ မြို့အခြေအနေက အေးချမ်းနေတယ်။ (၃) ရက်လောက်ရှိပြီ”ဟု လားရှိုးမြို့ ဒေသခံ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက် (၈) နာရီအထိ နောက်ဆုံးရရှိထားသည့် လမ်းကြောင်းများအနေဖြင့် လားရှိုး – မိုင်းမော – ကာလိုင် – ကွတ်ခိုင် (ဆိုင်ကယ်)၊ လားရှိုး – သိန်းနီ – ရေပူ – မိုင်းမော – ကာလိုင် – ကွတ်ခိုင်(ဆိုင်ကယ်)၊ လားရှိုး – နမ်မတူ – မန်တုံ (ကား/ ဆိုင်ကယ်)၊ လောက်ကိုင် – ရှင်းရွှေဟော် – ပန်ဆန်း – တန့်ယန်း – လားရှိုး(ကား/ဆိုင်ကယ်)၊ လောက်ကိုင် – ရှင်းရွှေဟော် – မိုင်းယော် – လားရှိုး (ကား/ဆိုင်ကယ်)၊ လားရှိုး – ရှမ်းတောင် – မန်းလေး (ကား/ဆိုင်ကယ်)၊ လောက်ကိုင် – တာပါး – မုံးစီး – တာမိုးညဲ (ဆိုင်ကယ်)၊ ကွတ်ခိုင် – (၃၈)မိုင်မန်ပြိန်း – နမ့်ဇလပ် – စယ်အူ – နမ့်ခိုင် – လားရှိုး (ကား/ဆိုင်ကယ်)၊ လောက်ကိုင် – ချင်းရွှေဟော် – ကွမ်းလုံ – စယ်အူ – နမ့်ခိုင် – လားရှိုး(ဆိုင်ကယ်) သွားလာ၍ ရနေဆဲဖြစ်သော်လည်း စစ်ရေးအခြေအနေပေါ် မူတည်ပြီး လမ်းခရီးအခြေအနေမှာ အပြောင်းအလဲရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here