ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် ဂျပန်နိုင်ငံ Niigata University တို့ သုတေသနလုပ်ငန်းများ အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

0
254

ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြားတွင် သုတေသနလုပ်ငန်းများ၌ အဓိက ပူးပေါင်းလုပ်ဆောင်မည့် ပညာရပ်ဆိုင်ရာနယ်ပယ် အကျိုးတူ ပူးပေါင်းရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်ရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတွင် ဒီဇင်ဘာ (၅) ရက်က (၅) နှစ်သက်တမ်းရှိသည့် အဆိုပါ နားလည်မှုစာချွန်လွှာ (Agreement for Cooperation)ကို သက်တမ်းတိုး လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာအရ သုတေသနလုပ်ငန်းများတွင် အဓိက ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်ပြီး သင်ကြားရေး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများနှင့် အခြားပညာရပ်ဆိုင်ရာ နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

တက္ကသိုလ်နှစ်ခုတို့၏ ယခင်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် ယခုကဲ့သို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး လက်မှတ်ရေးထိုးနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ တင်ထွန်းက ပြောကြားခဲ့ပြီး နှစ်ဖက် တက္ကသိုလ် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ အေးအေးခင်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ Niigata University, Division of International Health မှ Professor Reiko Saito နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here