ထိုင်းအမျိုးသားနေ့နှင့် အဖေများနေ့ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ကျင်းပပြုလုပ်

0
211

ထိုင်းအမျိုးသားနေ့နှင့် ဘုရင်ဘူမိဘော ဖွားမြင်သည့်နေ (မွေးနေ့) ကို ယမန်နေ့ ဒီဇင်ဘာလ (၅) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နစက ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump နှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ယခုနှစ်သည် ထိုင်း-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ဖြစ်ပြီး ယခုလို သမိုင်းဝင်နှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရခွင့်ရသည့်အတွက် အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းမြောက်ကြောင်း Mr. Mongkol Visitstump က ပြောသည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးတွင် လွန်ခဲ့သည့်နှစ်များအတွင်း ခိုင်မာသောစိတ်ဆန္ဒဖြင့် အလုပ်များစွာကို လုပ်ဆောင်ခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဆက်ဆံရေးကို အခြေခံ၍ နယ်ပယ်အားလုံးတွင် အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထိုင်းသံအမတ်ကြီးက ဆိုသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ မှ ၈၀၀၀ အထိ တိုးမြင့်လာသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု၏ ၁၇ ရာခိုင်နှုန်းကျော်ရှိသည့်အတွက်ကြောင့် ရလဒ်ကောင်းများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၁,၆၀၀ ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး မြန်မာနိုင်ငံတွင် ထိုင်းရင်းနှီးမြှုပ်နှံမှုသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်နှင့်ဘဏ္ဍာရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးအပါအဝင် မရှိမဖြစ်လိုအပ်သော စီးပွားရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here