AD လိုင်စင်ရဘဏ်များ ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ဗဟိုဘဏ်ခွင့်ပြု

0
543

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့၊ ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူသူတို့မှ တင်သွင်းလာသော ငွေလဲနှုန်းအပေါ် မူတည်၍ ဆောင်ရွက်ခွင့်ရှိသည်ဟု ဆိုသည်။

“၁၀၀ ရာခိုင်နှုန်းကို အပြင်ပေါက်ဈေးနဲ့ ရောင်းရမယ်လို့ပြောတာမဟုတ်ပါဘူး။ ၅၀/၅၀ ကိုပဲ ဖြေလျှော့ပေးလိုက်တဲ့သဘောပါ။ ၅၀ ရာခိုင်နှုန်းကို အရင်က Online Trading နဲ့ရောင်းခွင့်ကနေ အခုအပြင်ပေါက်ဈေးနဲ့ ရောင်းခွင့်ပြုလိုက်တဲ့ သဘောပါ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရမည်ဟု AD လိုင်စင်ရဘဏ်များထံ ဗဟိုဘဏ်မှ ထုတ်ပြန်ချက်မှတစ်ဆင့် အကြောင်းကြားထားသည်။

“Exporter သမားတွေအတွက် ပိုအဆင်ပြေသွားတာပေါ့။ အရင်ကထက် ပို့ကုန်ကို ပိုပြီး တင်ပို့နိုင်တာပေါ့။ ဒေါ်လာဈေးနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ၅၀/၅၀ ကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်”ဟု ပို့ကုန်လုပ်ငန်းရှင်က ဆက်လက်ပြောကြားထားသည်။

နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူများနေဖြင့် ယခင်လို ဗဟိုဘဏ်ခွင့်ပြုချက်စောင့်စရာမလိုအပ်တော့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here