ယခုနှစ် (၁၀) လတာအတွင်း ပြီးခဲ့သည့်နှစ်ကထက် နိုင်ငံတကာခရီးသွား (၅) ဆကျော် တိုးတက်ဝင်ရောက်ထား

0
188

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀) လ အတွင်း နိုင်ငံခြားခရီးသွား တစ်သန်းကျော် ဝင်ရောက်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅) ဆကျော် တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၆) ရက်က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၃)တွင် ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီ (၁၇)ရက်မှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ကာ ကမ္ဘာလှည့် e-Visa ကို မေ (၂၀) ရက်တွင် ခွင့်ပြုပေးခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပမာဏမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ကြရာတွင် လွယ်ကူအဆင်ပြေစေရန်နှင့် မလိုလားအပ်သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများအား အတတ်နိုင်ဆုံး ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေး၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကာ တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သော ခရီးစဉ်ဒေသဖြစ်စေရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောကြားခဲ့သည်။

ခရီးသွားပြပွဲများတွင် ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip – FAM Trip) များ ခေါ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် ထူးခြားသည့် ရာသီပွဲတော်များ ရှာဖွေဖော်ထုတ်မြှင့်တင်ခြင်း၊ ပြည်တွင်း ပြည်ပမီဒီယာများဖြင့် ရိုက်ကူးလွှင့်တင်ခြင်း၊ Event Calendar များနှင့်ပတ်သက်သော Information များကို ခရီးသွားများသိရှိစေရန် ကြော်ငြာခြင်း၊ ပြည်ပခရီးသွားများအတွက် သာမက ပြည်တွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း ခရီးသွားဧည့်သည်အများအပြား လည်ပတ်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးအပြင် ခရီးသွားလု ပ်ငန်းမြှင့်တင်ရေးတို့အတွက် တက်ရောက်လာကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဟုလည်း ကော်မတီ ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here