ဂါဇာစစ်ပွဲမှဖြစ်ပေါ်လာမည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အန္တရာယ်ကို ကုလအကြီးအကဲသတိပေး

0
139

ကုလသမဂ္ဂ၊ဒီဇင်ဘာ ၇

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတားရက်စ်သည် ဂါဇာ၌အပစ်အခတ်ရပ်စဲရေးတောင်းဆိုရန် ကောင်စီအား အာရပ်နိုင်ငံများက တွန်းအားပေးမှုများအရှိန်မြင့်လာသဖြင့် ဂါဇာစစ်ပွဲမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာအန္တ ရာယ် ဖြစ်လာနိုင်သည့်အပေါ် လုံခြုံရေးကောင်စီအား တရားဝင်သတိပေးစကားပြောကြားခဲ့သည်။

ကုလသမဂ္ဂ၌ ဗီတိုအာဏာရရှိထားသည့် နိုင်ငံငါးနိုင်ငံအနက် တစ်နိုင်ငံဖြစ်သည့် အမေရိက ကမူ ၎င်း၏မဟာမိတ်ဖြစ်သည့် အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ခြင်းအားဆန့်ကျင်ခဲ့ကြောင်းသိရသည်။

အကြောင်းမှာ ယင်းသို့အပစ်အခတ်ရပ်စဲလိုက်ပါက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့အတွက်သာ အကျိုးဖြစ်သွားစေမည်ဟု ယူဆဖြစ်သောကြောင့်ဖြစ်သည်။

“ဂါဇာစစ်ပွဲသည် လက်ရှိဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုနှင့်ပြဿနာများကိုပါ ပိုမိုဆိုးသွားစေနိုင်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပိုမိုဆိုးရွားသွားစေနိုင်သည်” ဟုလည်း မစ္စတာဂူတားရက်စ်ကပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းအထူးသံတမန်ကမူ အပစ်အခတ်ရပ်စဲရေးတောင်းဆိုရန် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်မူကြမ်းအား အာရပ်သံတမန်များအနေဖြင့် ကောင်းစွာပြင်ဆင်နေကြောင်းပြောကြားခဲ့သည်။

သို့သော် ကုလ လုံခြုံရေး ကောင်စီ၌ ဆုံးဖြတ်ချက်တစ်ခုအတည်ဖြစ်ရန်အတွက် ထောက်ခံမဲ အနည်းဆုံးကိုးမဲလိုအပ်ပြီး ဗီတိုအာဏာကိုင်ထားသည့် အမေရိက၊ရုရှား၊တရုတ်၊ပြင်သစ်နှင့်ဗြိတိန်တို့က ဗီတိုအာဏာဖြင့်မပယ်ချရန်လည်းလိုအပ်သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ အာရပ်ဝန်ကြီးများအနေဖြင့် ကြာသပတေးနေ့တွင် ဝါရှင်တန်သို့သွားမည်ဖြစ်ပြီး အမေရိကန်၏သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဆက်လက်၍ မစ္စတာဂူတားရက်စ်က ဂါဇာဒေသရှိအရပ်သားပြည်သူများအတွက် ထိရောက်သောကာကွယ်မှုမရှိကြောင်း လုံခြုံရေးကောင်စီအားပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here