နယ်စပ်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်ပြန်လည်ပို့ဆောင်ရေး မြန်မာနှင့် ထိုင်း တွေ့ဆုံဆွေးနွေး

0
137

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဥပဒေအရ ရပိုင်ခံစားခွင့်များ ရရှိရေးနှင့် မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်သို့ပြန်လည် ပို့ဆောင်ရေး ကိစ္စရပ်များကို မြန်မာ – ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးကြကြောင်း သိရသည်။

(၈) ကြိမ်မြောက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်ပြန်လည် ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များ ရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေး၊ နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

ထို့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး ကိစ္စရပ်များကိုလည်း ဆွေနွေးခဲ့ကြသည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီး ခြား ဆွေးနွေးပွဲအဖြစ် ဒီဇင်ဘာ (၇)ရက်၊ နံနက် (၁၀) နာရီခွဲအချိန်က ပေကျင်းမြို့ရှိ China World ဟိုတယ်၌ တွေ့ဆုံဆွေနွေးခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here