တပ်တွင်းစည်းလုံးညီညွတ်ရေးကို အသေအချာတည်ဆောက်ကြရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သတိပေး

0
193

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်သွားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် စစ်ရေးပြကွင်းတွင် ပြုလုပ်သည့် DSA အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ ” ဟု သဘောထားကာ မိမိတာဝန်ထမ်းဆောင်ရမည့် နယ်မြေဒေသများဖွံ့ ဖြိုးရေးလုပ်ငန်းကို တတပ်တအား ဆောင်ရွက်ပေး‌ကြရန်လည်း သင်တန်းဆင်း ဗိုလ်လောင်းများကို မှာကြားခဲ့သည်။

ထို့အပြင် ၂၁ ရာစု စစ်ပွဲများသည် ပုံစံမျိုးစုံဖြင့် အကန့်အသတ်မဲ့ ၊ အတားအဆီးမဲ့စွာဖြင့် နယ်ပယ်မျိုးစုံမှ ပုံဖော်တိုက်ခိုက်လာနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အတူ တိုးတက်လာသည့် စစ်လက်နက်ပစ္စည်းများကြောင့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများ ပြောင်းလဲသွားနိုင်သည့်အတွက် စစ်ပွဲပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်တွေးတော ထားကြရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့အပြင် ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ကြရာတွင် မိမိကိုယ်မိမိ သစ္စာရှိရန်လိုအပ်သည့်အပြင် တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်လည်းလိုအပ်ပြီး ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားစွာ ထားရှိကြရန် လိုအပ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများကို တိုက်တွန်းမှာကြားခဲ့ ကြောင်း သိရသည်။

ယမန်နေ့ကျင်းပသည့် DSA အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၇၄၃၊ဗိုလ်လောင်း သူရိန်ဦး၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၇၈၊ ဗိုလ်လောင်း ဟိန်းထက်အောင်၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၈၆၊ ဗိုလ် လောင်း ဇေလင်းမောင်၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၂၅၊ ဗိုလ်လောင်း ချမ်းငြိမ်းလွင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၃၈၊ ဗိုလ်လောင်း ဟန်ဘုန်းမြတ် တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း (၅) ဦးကို တွေ့ဆုံကာ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here