တရုတ်က နေရပ်ပြန်ပို့လိုက်တဲ့ ဘက်ပြောင်းမြောက်ကိုရီးယား (၆၀၀) ခန့် အစအန ပျောက်နေဟု ဆို

0
233

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကနေ အတင်းအကျပ် နေရပ်ပြန်ပို့ခံလိုက်ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၆၀၀ ခန့် သတင်းအစအန ပျောက်နေတယ်လို့ ဆိုးလ်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ဒီဇင်ဘာ (၇) ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး သူတို့တွေအနေနဲ့ ပြစ်ဒဏ်ပေးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနဲ့ ကွ-ပ်မျ-က်ခံရခြင်းတို့ ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

တောင်ကိုရီးယားကို ထွက်ပြေးဖို့ ကြိုးစားနေခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား အတော်များများ သံသယဖြစ်ဖွယ် နေရပ်ပြန်ပို့ခံလိုက်ရတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက တရုတ်နိုင်ငံကို ကန့်ကွက်လွှာပို့ခဲ့အပြီး နှစ်လခန့်အကြာမှာ လူ့အခွင့်အရေးအဖွဲ့ Transitional Justice Working Group (TJWG) ရဲ့ ယခု ထုတ်ပြန်ချက် ထွက်လာတာပါ။

တရုတ်နိုင်ငံရှိ ထိန်းသိမ်းရေး စခန်းတွေကနေ ရာနဲ့ချီတဲ့ ဘက်ပြောင်းသူတွေကို အစောင့်အကြပ်တွေ လိုက်ပါတဲ့ ဘတ်စ်ကားတွေ၊ ဗင်ကားတွေနဲ့ တင်ဆောင်ကာ အောက်တိုဘာ (၉) ရက်မှာ နယ်စပ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း ပို့ဆောင်ခဲ့တယ်လို့ TJWG က ဆိုပါတယ်။ ဒါဟာ နှစ်များစွာအတွင်း ပမာဏာအကြီးဆုံး နေရပ်ပြန်ပို့မှုဖြစ်တယ်လို့လည်း ယင်းအဖွဲ့က ပြောဆိုခဲ့ပါတယ်။

ဘက်ပြောင်းဝင်ရောက်သူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို လက်ရှိအထိ မသိရသေးပေမယ့် သူတို့ထဲက အများစုဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“သူတို့ကို ပြန်ပို့လိုက်ပြီးကတည်းက ဘက်ပြောင်းသူတွေနဲ့ ဘာအဆက်အသွယ်မှ လုပ်လို့ မရတော့ပါဘူး” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မှတ်ချက်ပြုဖော်ပြခဲ့ခြင်းမရှိပေမယ့် ဘက်ပြောင်းသူတွေကို လူ့အမှိုက်တွေအဖြစ် ကာလရှည် ထိုးနှက်ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ နယ်စပ်ဒေသတွေကို ပိုမိုတင်း ကျပ်ထားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံမှာ ဘက်ပြောင်းလာသူတွေဆိုတာ မရှိကြောင်း အောက်တိုဘာအတွင်း ငြင်းဆိုထားခဲ့ပါတယ်။

သို့ပေမယ့် စီးပွားရေးအကြောင်းပြချက်တွေကြောင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေတော့ ရှိပြီး တရုတ်နိုင်ငံအနေနဲ့ ယင်းဖြစ်စဉ်ကို ဥပဒေနဲ့အညီသာ အမြဲကိုင်တွယ်ဖြေရှင်းကြောင်း ဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here