မြန်မာ့ငရုတ်သီး တရုတ်ဝယ်လိုအားမြင့်လာ၍ တစ်ပိဿာကျပ် ၅,၀၀၀ အထိ မြင့်တက်လာ

0
179

မြန်မာ့ငရုတ်သီးကို ယခု ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံဘက်က အဝယ် လိုက်လာသဖြင့် ကြမ်းခင်းဈေး တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ အထိ မြင့်တက်လာကြောင်း ငရုတ်ကုန်သည် အသိုင်း အဝိုင်းထံက သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ကလည်း ငရုတ်သီးလိုအပ်ချက်ရှိသည့် ရာသီဖြစ်လာခြင်းကြောင့် မြန်မာ့ငရုတ် အဝယ်မှာယူမှုများ ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။

ယခင် နိုဝင်ဘာလ တတိယအပတ်အတွင်းက ငရုတ်သီး ဈေးကွက်အရောင်းဝယ်အေးကာ ဈေးငြိမ်နေသော်လည်း ယခု ဒီဇင်ဘာလတွင်မူ ငရုတ် တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ မှ ကျပ် ၃,၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိခဲ့ရာမှ ၊ ယခု ရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာ ကျပ် ၅,၀၀၀ နှင့် ကြမ်းခင်းဈေးဖွင့် ဝယ်ယူနေခြင်းဖြစ်သည်ဟု ငရုတ်ကုန်သည်တစ်ဦးက ရှင်းပြသည်။

တရုတ်နိုင်ငံသို့ ငရုတ်သီး တင်ပို့ရာတွင် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် မူဆယ်လမ်းကြောင်းမှ တင်ပို့၍မရဘဲ၊ မန္တလေး – ကျိုင်းတုံ – မိုင်းလား လမ်းပိုင်းမှ ကုန်ကားများနှင့် သွားလာကာ သယ်ယူပို့ဆောင်နေရခြင်းဖြစ်သဖြင့် အခက်အခဲ အနည်းငယ် ရှိနေကြောင်း ဆိုသည်။

ပြည်တွင်းငရုတ်စိုက်ပျိုးမှုကိုစစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်ဒေသအသီးသီးတို့တွင် စိုက်ပျိုးသူများပြားလာပြီး၊ လာမည့်ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းမှ ငရုတ်သီး လှိုင်လှိုင်ထွက်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here