ဂါဇာ အပစ်ရပ်စဲရေး ကုလ ဆုံးဖြတ်ချက် အမေရိကန် ဗီတိုသုံး ပယ်ချ

0
182

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ (၈) ရက်မှာ အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချလိုက်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်အဖွဲ့ချေမှုန်းရေး ပြင်းထန်သော ထိုးစစ်ကို ဆက်လက် ဆင်နွှဲနေခဲ့ပါတယ်။

ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းနယ်မြေအတွင်း ‌ေ-သဆုံးရသူဦးရေဟာ အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် ၁၇၄၈၇ ဦး ရှိခဲ့ပြီလို့ သိရပါတယ်။

အောက်တိုဘာ (၇) ရက်က အစ္စရေးနယ်မြေအတွင်း စစ်သွေးကြွအဖွဲ့ရဲ့ ရုတ်တရက် စီးနင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ ဝန်းကျင် ‌ေ-သဆုံးခဲ့ကာ အများအပြား ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေထဲက (၁၃၈) ဦး ဟားမတ်စ်အဖွဲ့ လက်တွင်း ကျန်ရှိနေဆဲဖြစ်တယ်လို့ အစ္စရေးအစိုးရ စာရင်းဇယားတွေက ဖော်ပြထားပြီး ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်လို့လည်း အစ္စရေးက ကြုံးဝါးထားပါတယ်။

ဂါဇာဒေသရဲ့ ဧရိယာအတော်များများဟာ အပျက်အစီးပုံတွေဖြစ်သွားခဲ့ပြီး ဂါဇာလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာလည်း နေရပ်စွန့်ခွာခဲ့ကြရကာ အစားအစာ၊ ရေ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ဆိုးဆိုးဝါးဝါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့အပြင် ရောဂါဘယတွေရဲ့ ခြိမ်းခြောက်မှုတိုးမြင့်လာနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၉၉ ကို ရှားရှားပါးပါး အသုံးပြုပြီး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူကာ ချက်ချင်း အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

ဓ-ါးစာခံတွေကို လွှတ်ပေးဖို့ သူက တိုက်တွန်းခဲ့ပေမယ့် ဟားမတ်စ်တို့ရဲ့ ရက်စက်သော ကျူးလွန်မှုတွေအတွက် ပါလက်စတိုင်း လူထုအပေါ် ပြစ်ဒဏ်ပေးခြင်းဟာ ဘယ်တော့မှ တရားမျှတမှာ မဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် အစ္စရေးအပေါ် စစ်ရေးအကူအညီ ဒေါ်လာဘီလီယံချီပြီး ထောက်ပံ့ထားတဲ့ အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုသုံး ပယ်ချသွားခဲ့တာဖြစ်ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here