အနောက်နိုင်ငံများမှ တိုက်လေယာဉ် မျိုးစုံ ရရှိရေး အတွက် ယူကရိန်း ဆွေးနွေးနေဟုဆို

0
162

အနောက်နိုင်ငံများထံမှ တိုက်လေယာဉ် မျိုးစုံ ရရှိရေး အတွက် ယူကရိန်းတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က ပြောကြားသည်။

ယူကရိန်းသည် အမေရိကန်လုပ် F-16 လေယာဉ်များကို ယခုအချိန်အထိ လက်ခံရရှိခြင်းမရှိသေးသဖြင့် ယခုနှစ်မကုန်မီ ပထမဆုံးသော F-16 ဂျက်တိုက်လေယာဉ်များကို အမေရိကန်က ယူကရိန်းသို့ ပို့ဆောင်ပေးမည်လားဟု မေးမြန်းရာတွင် သူက “ကျွန်တော်တို့အနေနဲ့ ကဏ္ဍပေါင်းစုံမှာ လုပ်ဆောင်နေပါတယ်။ ပထမအနေနဲ့ ဆက်စပ်အခြေခံအဆောက်အအုံနဲ့ နည်းပညာဆိုင်ရာ စက်ပစ္စည်းတွေရရှိရေးကို လုပ်ဆောင်နေပြီး လေယာဉ်မှူးတွေအပြင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကိုပါ လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ရေတိုမှာ F-16 တိုက်လေယာဉ်တွေကို လက်ခံရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ကာလလတ် အစီအစဉ်အချို့ကို ချမှတ်ထားပါတယ်။ 2027-2030 လောက်အတွက် အစီအစဉ်တွေဖြစ်ပါတယ်” ဟု Rada TV ရုပ်သံလိုင်းသို့ ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ F-16 တစ်ခုတည်းကို ဦးတည်ပြီး မဆွေးနွေးပါဘူး။ အခု တောင်းဆိုထားတဲ့ စာရင်းက ရှည်လျားပါတယ်” ဟုလည်း Umerov က ဆက်လက်ပြောကြားသည်။ F-16 တိုက်လေယာဉ်များမှလွဲ၍ ယူကရိန်းသည် အခြားသော စစ်လေယာဉ်များ ရရှိမည်ဆိုပါလျှင်လည်း လက်ခံမည်ဖြစ်ကြောင်း၊ အမျိုးမျိုးသော ပလက်ဖောင်းများ၊ စနစ်များနှင့် လက်နက်များ အသုံးပြုမှုတွင် နည်းပညာများ လွှဲပြောင်းခြင်းနှင့် ကန့်သတ်ချက်များ မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Terminal High Altitude Area Defense (THAAD) လေကြောင်းရန်ကာကွယ်ရေးစနစ်၊ F-18 Hornet ဂျက်တိုက်လေယာဉ်များ၊ Apache နှင့် Black Hawn ရဟတ်ယာဉ်များ၊ C-17 Globemaster သယ်ယူပို့ဆောင်ရေးဂျက်လေယာဉ်များနှင့် C-130 Super Hercules စစ်ဖက်သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ကို ပေးပို့ရန် ယူကရိန်းက အမေရိကန်အား တောင်းဆိုထားကြောင်း Reuters သတင်းဌာနက အစောပိုင်းတွင် ရေးသားခဲ့သည်။ အစိုးရအရာရှိများနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းအမှုဆောင်များ သီးသန့်တက်ရောက်ခဲ့သည့် ဝါရှင်တန်တံခါးပိတ်အစည်းအဝေးတစ်ခုတွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံအတွက် လိုအပ်သည့် လက်နက်များစာရင်းကို တင်ပြခဲ့ကြောင်း ကိုလည်း Reuters သတင်းတွင် ဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here