လပွတ္တာဒေသထွက် ငါးကွမ်းရှပ်များ ဝယ်လိုအားကောင်းနေ

0
390

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ဒေသထွက် ငါးကွမ်းရှပ်များ ဝယ်ယူမှုအားကောင်းသဖြင့် လပွတ္တာမြို့နယ်မှ ငါးခြောက်ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။

လပွတ္တာမြို့နယ်တွင် ငါးကွမ်းရှပ် အချိုခြောက်နှင့် အငန်ခြောက်ဟူ၍ နှစ်မျိုးထွက်ရှိပြီး လပွတ္တာဒေသထွက် ငါးကွမ်းရှပ်များ နိုဝင်ဘာလ တတိယပတ်မှ စတင်၍ ယနေ့ထိ ဝယ်ယူမှုအားကောင်းနေသဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဒေသမှ ထွက်ရှိသည့် ငါးကွမ်းရှပ်များ လက်ရှိ တစ်ရက်လျှင် ပိဿာချိန် ၂၀၀ မှ ၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ဒေသထွက် ငါးကွမ်းရှပ်တွေ အပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဘက်က ဝယ်ယူမှုအားကောင်းနေပါတယ်။ လက်ရှိ ငါးခြောက်ကုန်ကြမ်းတွေ မနှစ်ကလောက် မပေါဘူး” ဟု လပွတ္တာမြို့နယ်မှ ငါးခြောက်ရောင်းဝယ်ရေးပိုင်ရှင်တစ်ဦးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ယခုအခါ ငါးခြောက်ပြုလုပ်သည့် ကာလဖြစ်ပြီး ဒေသထွက် ငါးကွမ်းရှပ်များအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသဖြင့် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

အဆိုပါငါးကွမ်းရှပ် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ထိ ဈေးပေါက်နေကြောင်း လပွတ္တာမြို့နယ်မှ ငါးခြောက်ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here