အယ်လ်နီညိုရာသီဖြစ်စဉ်အတွင်း စိုက်ပျိုးရေလုံလောက်စေရန် ဆည်တာတမံများတွင် စိုက်ပျိုးရေ ဧကပေ (၁၂၉) သိန်း သိုလှောင်ထား

0
240

အယ်လ်နီညိုရာသီဖြစ်စဉ်အတွင်း စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန် တစ်နိုင်ငံလုံးရှိ ဆည်တာတမံများတွင် စုစုပေါင်း စိုက်ပျိုးရေဧကပေ (၁၂၉) သိန်း သိုလှောင်ထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

လာမည့် ၂၀၂၄ ခုနှစ်တွင် အယ်လ်နီညိုရာသီဖြစ်စဉ် ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားခြင်းကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဆည်တာတမံများတွင် စိုက်ပျိုးရေများ စနစ်တကျ စုဆောင်းသိုလှောင်လျက်ရှိရာ လက်ရှိအချိန်အထိ စုစုပေါင်း စိုက်ပျိုးရေ ဧကပေ (၁၂၉) သိန်း သိုလှောင်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပမာဏ သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ကာလတူများတွင် သိုလှောင်ခဲ့သော စိုက်ပျိုးရေ ပမာဏထက်ပိုများကြောင်းလည်း သိရသည်။

လာမည့် နွေသီးနှံစိုက်ရာသီတွင် ယခင်နှစ်များအတိုင်းဆည် တာတမံများ၊ ရေတံခါးများ၊ ချောင်းပိတ်၊ မြောင်းပိတ်များ၊ မြစ်ရေတင်များနှင့် ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများမှနေ၍ နွေသီးနှံ စိုက်ဧကများသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်ဖြစ်ကာ မြေအောက်ရေများကိုလည်း အချိန်ကိုက် ထုတ်ယူသုံးစွဲကာ စိုက်ပျိုးရေများဖြန့်ဝေပေးသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ယခုအခါ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာနအနေဖြင့် လာမည့်နွေသီးနှံရာသီတွင် စိုက်ပျိုး ရေရရှိမှုနှင့် အဆင်ပြေမည့် သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်စေရန် တောင်သူများအား အသိပညာပေး ဟောပြော စည်းရုံးခြင်းများ၊ သီးနှံ Pattern ကူညီ ရွေးချယ်ပေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here