အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်များက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

0
197

အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်များသည် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို သောကြာနေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်များကို တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

သောကြာနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို Katyusha အမျိုးအစား ဒုံးကျည် ၁၄ စင်းခန့်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ သံရုံးတံခါးများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရသော်လည်း အဆိုပါတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ အပေါ်ယံပိုင်းပျက်စီးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုအတွက် လက်နက်ကိုင်အဖွဲ့မှ မိမိတို့တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်းဒေသတွင်းတွင် အများအပြားရှိနေသည့် အီရန်နှင့် မဟာမိတ်အဖွဲ့များမှတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ယုံကြည်ကြသည်။

ကြေညာချက်တစ်ခုတွင် အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီက တိုက်ခိုက်မှုအား ဆန့်ကျင်ကြောင်း ပြောကြားပြီး သံတမန်ရေးရာ မစ်ရှင်များကို ပစ်မှတ်ထားခြင်းသည် တရားမျှတမှု မရှိသည့် အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ISIS နှိမ်နင်းရေးမစ်ရှင်ကို ဆက်လက်လုပ်ဆောင်ရန် ၎င်း၏အစိုးရ၏ သဘောတူညီချက်ဖြင့် အမေရိကန်စစ်တပ်သည် အီရတ်တွင် ရှိနေဆဲဖြစ်သည်။

ထိုအတောအတွင်း အီရတ်နိုင်ငံအနောက်ပိုင်းရှိ al-Asaf လေတပ်စခန်းနှင့် ဆီးရီးယားအရှေ့ပိုင်းရှိ Conoco ဓာတ်ငွေ့တွင်း၌ စခန်းချထားသော အမေရိကန်တပ်ဖွဲ့များကို သောကြာနေ့က သီးခြားတိုက်ခိုက်မှုများအတွက် အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိကြောင်း အမေရိကန်တို့က အခိုင်အမာ ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ် ပဋိပက္ခ အောက်တိုဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် နောက်ပိုင်း အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့များအား တိုက်ခိုက်မှု အများအပြား ဆက်လက် ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၇ ရက်မှစ၍ ပြီးခဲ့သည့် ကြာသပတေးနေ့အထိ၊ ဒေသတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှု ၇၈ ကြိမ်ခန့်ရှိခဲ့ပြီး အချို့မှာ ဒဏ်ရာအနည်းငယ်နှင့် ဦးခေါင်းပိုင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပင်တဂွန်မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Sabrina Singh က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here