ငါးဖမ်းသင်္ဘောတွေအပေါ် တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က ရှုတ်ချ

0
128

စနေနေ့(ဒီဇင်ဘာ ၉) က တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်ရဲ့ ဥပဒေမဲ့၊ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်စိုးရက ဝေဖန်ရှုတ်ချလိုက်ပြီး တရုတ်ကမ်းခြေ စောင့်တပ်ဟာ ပုံမှန် ထောက်ပံ့ရေးဆောင်ရွက်နေတဲ့ ဖိလစ်ပိုင် ငါးလုပ်ငန်းဗျူရို သင်္ဘောတစ်စီးကို ရေအမြောက်နဲ့ထိုးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံပိုင်ဆိုင်မှုအငြင်းပွားရာ စကာဘိုရောက်ချ်ကျွန်းမှာ ၎င်းတို့ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ ဖိလစ်ပိုင် အစိုးရအေဂျင်စီ တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

စနေနေ့က ဖိလစ်ပိုင် အရပ်ဘက်ရေယာဉ်တွေ အပေါ် အနည်းဆုံး (၈) ကြိမ်ခန့် ရေအမြောက်တွေနဲ့ ထိုးပက်ခဲ့ပြီး ငါးလုပ်ငန်း သင်္ဘောတစ်စီးမှာ ဆက်သွယ်မှုပိုင်းနဲ့ ရေကြောင်း ကိရိယာတွေ ပျက်စီးမှုဖြစ်ခဲ့ကြောင်းနဲ့ တရုတ်ကမ်းခြေ စောင့်တပ်က တိုက်ရိုက်၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ဆိုခဲ့ပါတယ်။
           
စကာဘိုရောက်ချ်ကျွန်းအနီးရှိ ဖိလစ်ပိုင် ငါးဖမ်းလှေ (၃၀) ကျော်အတွက် ဆီနဲ့ ကုန်ခြောက်တွေ ပေးပို့ဖို့အတွက် ငါးလုပ်ငန်းဗျူရို သင်္ဘောသုံးစီးက ထောက်ပံ့ရေးမစ်ရှင်လုပ် ဆောင်နေခဲ့ကြောင်း သိရပါတယ်။

“လူသားချင်း စာနာမှုအထောက်အပံ့တွေ ဖြန့်ဖြူးမှုအပေါ် ဟန့်တားတာဟာ ဥပဒေမဲ့ရုံမက လူမဆန်ခြင်းလည်းဖြစ်ပါတယ်” လို့ လုပ်ငန်းအဖွဲ့က ပြောဆိုခဲ့ပါတယ်။

စနေနေ့က တောင်တရုတ်ပင်လယ်ရေပြင်မှာ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောသုံးစီးကို ထိန်းချုပ်ရေး အစီအမံလုပ်ဆောင်ခဲ့ကြောင်းနဲ့ ယင်း သင်္ဘောတွေဟာ စကာဘိုရောက်ချ်ကျွန်းအနီးရေပြင်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အစောပိုင်းမှာ တရုတ်က ပြောဆိုတယ်လို့ နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here